ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ – ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင် သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ နှင့်အတူကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းရန် ခင်းကျင်း ပြင်ဆင်ထားသည့် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ‌မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက် ပါမောက္ခချုပ် ဆရာတော်ကြီး ထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကိုဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများက ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက်ဆရာတော်နှင့် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ်ဆရာတော်တို့က ကထိန်အမေးအဖြေများ ကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆု တောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် သန်လျင်မင်းကျောင်း ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၉ ပင်၊ တန်ဖိုးငွေ ၅၃,၂၃၃,၃၄၀ နှင့် လှူဒါန်းငွေ  ၈၀,၆၉၀,၈၀၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၃၃,၉၂၄,၁၄၀ ဖြစ်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။