နေပြည်တော်၊ နိုဝင်ဘာ – ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၄ ခုနှစ်မဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ဆင်ယင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ နှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီး တို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင် များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက် တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ် တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ကထိန်ခံ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကံဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇဝန ထံ ကထိန်လျာ သင်္ကန်း ကိုလည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်း ကျောင်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော် ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ကောင်စီဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီးတို့က ရေဆင်းကံဦးကျောင်း ဆရာတော်ထံ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဆရာတော်နှစ်ပါးတို့က ကထိန် အမေးအဖြေများကို ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆု တောင်း၍ ရုပ်သိမ်းပြီး မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနား အပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစု မဟာဘုံကထိန်အလှူတော်အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား နိုဝင်ဘာ ၁၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု များ၏ ၂၀၂၄ ခုနှစ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရုံး၊ ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်းအပင် ၉၀ ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၁၃၆၂၉၃၃၉၅ နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၀၆၉၈၅၀၁၀ ဖြစ်သဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၃၂၇၈၄၀၅ ကိုလှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြသည်။