နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပူဇော်

နေပြည်တော်၊ နိုဝင်ဘာ – ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုး ရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

ဦးစွာ အခမ်းအနားကို “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က “ဇယမင်္ဂလာစာတမ်းလွှာ” ကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော် ပွဲဖွင့်ပွဲအခမ်း အနားကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍အချက်ပေးရာ ရက်ကန်းအဖွဲ့များက ရက်ကန်းစင်တော် များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။ ထိုသို့ရက်ကန်း အဖွဲ့များက ရက်ကန်းစတင်ရက်လုပ်သည်နှင့်တစ်ပြိုင်နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင် တေးသီချင်းဖြင့် သီဆို တီးမှုတ်ကပြဖျော်ဖြေကြပြီး အခမ်းအနား တက်ရောက်လာကြသူများက မီးပုံးပျံငယ် များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်နက်လွှတ်တင်ကြသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနု ပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေး မှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ယိမ်းအကအလှများ၊ အိုးစည်ဒိုးပတ်များဖြင့်လည်းကောင်း၊ ပြင်ပအနုပညာရှင်များက တေးသီးချင်းများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီး ရက်ကန်းစင်တော် ၁၅ ခုမှ ရက်ကန်းအဖွဲ့များ၏ မသိုး ရွှေကြာသင်္ကန်းရက်လုပ်နေမှုများကို ရက်ကန်းစင်တော် တစ်ခုချင်းစီအလိုက် စိတ်ဝင် တစား လှည့်လည်ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်း အနားတက်ရောက်လာကြသူများသည် စိန်နားပန်မီးပုံးပျံများနှင့်ညမီးကျည်(ညမီးကြီး) မီးပုံပျံများလွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့် အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေသ ထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်း ချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့် လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင် ဖျော်ဖြေမှုတို့ကို  လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများ အနေဖြင့် လာရောက်ဖူးမြော်ကြည်ညိုကြည့်ရှုနိုင်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။