နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား စစ်သံရုံးများမှစစ်သံမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၉၈၈၊ ဗိုလ်လောင်း ထက်အာကာ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၈၅၃၊ ဗိုလ်လောင်း သီဟစိုး၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၀၀၁၊ ဗိုလ်လောင်း နေသုခ၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၁၂၆၊ ဗိုလ်လောင်း ရဲထက်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၉၄၀၊ ဗိုလ်လောင်း ဇော်ဖြိုးအောင် တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြော ကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာ ကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်း ဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိဘများ၊ ဆရာ၊ ဆရာမများက သွန်သင်ပဲ့ပြင်ပေးခဲ့သည့် အခြေခံကောင်းများ၊ ယခုသင်တန်းမှ ရရှိခဲ့သည့်  မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်း နိုင်မှု၊ စည်းကမ်းကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့်အတွက် မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာ များကို စဉ်ဆက်မပြတ်ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံ တော် နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူများဖြစ်အောင် ဆက်လက် ကြိုးပမ်း သွားကြစေလိုကြောင်း။

ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေး ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြား ပေးခဲ့သည့် ဆရာ၊ ဆရာမ များ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော် ၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်းမမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နား ထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့် ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း။

တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင် ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက် ရှိကြသည့် နောင်တော်ကျောင်းဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း ကောင်းမွန် သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ တပ်မတော် သားများသည် ပြည်သူကြားမှပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင် သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။