နေပြည်တော်၊ ဒီဇင်ဘာလ – ၉
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများတက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ကံကော်ပင်အား စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးခြင်း ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားအား စတင်ကျင်းပရာ အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည် နယ် အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အား အလေးပြုကြသည်။
ယင်းနောက် တေးသံရှင်ထူးအယ်လင်းက “ကျွန်ုပ်တို့ မြန်မာပြည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့တူရိယာများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ထားသည့် တေးသံသာနှင့်အတူ မီးအလှပြမှု(Lighting Show) ကို တင်ဆက်ပြ သသည်။ ယင်းနောက် အခမ်းအနားအား အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ပြီး တစ်ချိန် တည်းတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကြ သည်။
ယင်းနောက် နိုင်ငံတော်စစ်တီးဝိုင်းက ကွင်းအတွင်းနေရာယူပြီး အလံတော်အဖွဲ့ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစား အသင်များ ကွင်းအတွင်းသို့ ဝင်ရောက်ချီတက် နေရာယူကြကာ နိုင်ငံတော်အလံကို လွှင့်တင်၍ အလေးပြုကြသည်။
ထို့နောက် မြန်မာ့အားကစားရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများက အမျိုးသားအားကစားပွဲတော်အလံကို ကွင်း အတွင်းသို့ သယ်ဆောင်လာပြီး အလံကိုလွှင့်တင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုအကျိုးပြုမည့် လူ့စွမ်းအားအရင်း အမြစ်များရရှိရန်ဆိုပါက နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်မှ လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးကို “နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲ များတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပြီးအောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမား များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက် လာစေရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှားကစားလာစေရေး” ဟူသည့် ဦးတည်ချက်များ ချမှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ထို့အပြင် ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း၊ ယခု အားကစားပြိုင်ပွဲကြီး ခမ်းနားထည်ဝါစွာနှင့်အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင် ရွက်ပေးသည့် တာဝန်ရှိသူများ၊ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြသည့် အားကစား အဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်တို့က အနုပညာ ရှင်များ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခု ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဆယ်နှစ်နီးပါးအကြာတွင် ပြန်လည် ကျင်းပနိုင်ခြင်းလည်းဖြစ်ကြောင်း၊ အားကစားကို မြှင့်တင်ဆောင်ရွက်ခြင်းကို မွန်မြတ် သည့် လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော်အတွက်အရေးပါသည့် အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့ တန်ဖိုးထားပြီးဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံအတွက် စိတ်ဓာတ် စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း။
အားကစားယှဉ်ပြိုင်ရာတွင်လည်း အားကစားစိတ်ဓာတ်ရှိရန် အလွန်အရေးကြီး ကြောင်း၊ လူတိုင်းဘဝတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အနိုင်မခံအရှုံး မပေးသည့်စိတ်၊ မိမိကိုယ်ကို ယုံကြည်ရဲရင့်သည့်စိတ်များနှင့် ရင်ဆိုင်ကျော်လွှားနိုင် သည့် စိတ်မျိုးကို အားကစားစိတ်ဓာတ်ကရစေနိုင်ကြောင်း၊ ထို့ကြောင့်လည်း အား ကစားနှင့် ပတ်သက်၍ ခံယူချက်အမျိုးမျိုးရှိသည့်အတွက် “အားကစားမြှင့်တင်တည် ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသည့် အချက်သည် အမြင့်မားဆုံး ခံယူချက်ပင်ဖြစ်ကြောင်း။
၁၉၉၂ ခုနှစ်ကစတင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော် အပါအဝင် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအားကစားပွဲတော်များမှ အားကစားနည်းအလိုက် နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ကြောင်း၊ မြန်မာ့အားကစားသမိုင်း ကိုကြည့်ပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်သည် မြန်မာ့အားကစားရွှေရောင်လွှမ်းခဲ့သည့် ကာလများဖြစ်သည်ကို တွေ့ရကြောင်း။
၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းအနေဖြင့် အသန့်ရှင်းဆုံးအသင်းဆုကို ဆွတ်ခူးပိုင်ဆိုင်ခဲ့သည့် မှတ်တမ်း ကောင်းများလည်းရှိခဲ့ကြောင်း၊ အဆိုပါရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစား သမားဟောင်းကြီးများစွာရှိခဲ့သည့်အနက် ဗိုလ်ကြီးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးသန်းစိုး(ခ)ဆပ်သီး၊ ဦးနန္ဒကျော်စွာ၊ ဦးဘုန်းမြင့်၊ ဦးမြင့်အောင်၊ ဦးသန့်ဇင်၊ ဒေါ်ဂျနီ ဖာတင်လေး၊ ဒေါ်သန်းသန်း၊ ဒေါ်မာမာမင်း၊ ဒေါ်ခင်မူမူ၊ ဒေါ်နုနုရီ၊ ဗိုလ်မှူးမြင့်စိုး၊ ဒေါ်ကျင်လွမ်တို့ကဲ့သို့ ပုဂ္ဂိုလ်များသည် ယနေ့ထိတိုင် သက်ရှိထင်ရှား ကျန်းမာစွာဖြင့် အားကစားလုပ်ငန်းများကို တတ်စွမ်းသရွေ့ထမ်းဆောင်လျက် ရှိနေကြကြောင်း၊ ယင်းအတွက် များစွာဂုဏ်ယူပါကြောင်းကို ထည့်သွင်းပြောကြား လိုကြောင်း။
ခေတ်အဆက်ဆက်က မိမိတို့၏တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင် အား ကစားသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ ကြောင်း၊ မိမိတို့၏ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ် တွင် အလံတိုင်ထိပ်ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူ နိုင်စွမ်းရှိသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကိုအလွန်မြင့်မား စေပြီး နိုင်ငံ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေး အနက်မှာကြားလိုကြောင်း။
လူငယ်များ၏ ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်အားကစားသမားတွေ ပေါ်ထွက်ရေး အတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်ထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ် များနှင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင်ရွက်နိုင်ကြ ရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစားအဆင့် အတန်းသည် ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှုအထိုက် အလျောက်ရနေပြီလည်း ဖြစ်ကြောင်း၊ အားလုံးကထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခု ထက် ပိုပြီးအောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင်၊ နိုင်ငံတကာ အလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူး ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဆုကြေးငွေအပါအဝင် ဂုဏ်ပြု ချီးမြှင့်မှုများကို ထိုက်ထိုက်တန်တန်တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် လစဉ်ထောက်ပံ့ကြေးများနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေး လျက်ရှိကြောင်း၊ ထို့ကြောင့် ယခုအားကစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရအောင်၊ နိုင်ငံ့လက်ရွေးစင်ဖြစ် အောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်း မှာကြား လိုကြောင်း။
အားကစားကဏ္ဍ တိုးတက်အောင်မြင်ရေးဆောင်ရွက်ရာတွင်လည်း အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန တစ်ခုတည်းအင်အားဖြင့် ဆောင်ရွက်နိုင်ရန်မှာ အခက် အခဲများရှိနိုင်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အားကစားနည်းအလိုက် အဖွဲ့ချုပ်များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူ တစ်ရပ်လုံးကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး စိတ်ပါဝင်စား စွာဖြင့် ဝိုင်းဝန်းကူညီ ပေါင်းစပ် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း။
ပညာရေးနှင့် အားကစားကဏ္ဍ၏ ဆက်စပ်မှုကိုပြောရမည်ဆိုပါက နိုင်ငံ၏ ပညာ ရေးစနစ်သည် ကျောင်းသားဗဟိုပြုပညာရေးစနစ်ဖြစ်သည့်အတွက် အားကစားကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်ရန် အားသာချက်တစ်ရပ်ကဲ့သို့ဖြစ်နေကြောင်း၊ ထို့ကြောင့် ကျောင်းစာသင်ချိန်များတွင် အားကစားချိန်ကို ထည့်သွင်းပေးထားပြီး အားကစားနည်း တစ်ခုခုကိုမသင်မနေရသင်ကြားစေရေး ထည့်သွင်းပြဋ္ဌာန်းပေးထားကြောင်း၊ အား ကစားကို အမှတ်ပေးစနစ်တွင် ထည့်သွင်းပေးခြင်း၊ အားကစားထူးချွန်သည့် ကျောင်း သား၊ ကျောင်းသူများကို အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသို့ တက် ရောက် နိုင်ရေးစီစဉ်ပေးခြင်းနှင့် အားကစားပညာသင်ဆုများ ချီးမြှင့်စေလွှတ်ခြင်းတို့ကို လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်တိုင်း အားကစား နည်းတစ်မျိုးမျိုးကို ပါဝင်ကစားစေရေး စီမံကိန်းချမှတ်ဆောင်ရွက်ခြင်းနှင့် အားကစား ပြက္ခဒိန်ရေးဆွဲပြီး အခြေခံပညာအဆင့်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်ပေးနိုင်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ သို့မှသာ အားကစားနှင့်ပညာရေးပေါင်းစပ်လုပ်ငန်းများတွင် အဆင်ပြေ ချောမွေ့လာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာမှုနှင့်အတူ မြန်မာ့ အားကစား စဉ်ဆက်မပြတ်တိုးတက်ရေး (Sustainable Sports Development)ကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း။
မိမိတို့ အိမ်နီးချင်းနိုင်ငံတချို့တွင် ကျောင်းသားလူငယ် အားကစားပွဲတော်များမှ ကမ္ဘာ့လူငယ်စံချိန်သာမက ကမ္ဘာ့စံချိန်တို့ကိုပါ ချိုးနိုင်ခဲ့သည့် လူငယ်လက်ရွေးစင်များ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လာမည့် နှစ်များတွင် ကျောင်းသားနှင့်လူငယ်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ဝန်ကြီး ဌာနပေါင်းစုံ ပြိုင်ပွဲများအပြင် အဆင့်မြင့်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို အားကစားပြက္ခဒိန်တွင် ထည့်သွင်းရေးဆွဲပြီး မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခုအမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစား ပြိုင်ပွဲအတွက် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲအတွက် အားကစားနည်း ၆ မျိုးနှင့် မသန်စွမ်း အားကစားပြိုင်ပွဲ ၄ မျိုးတို့ကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း။
ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများနှင့် အသင်းများအနေဖြင့် မိမိတို့၏ ကျွမ်း ကျင်မှု၊ ခွန်အား၊ သက်လုံ၊ နည်းစနစ်၊ စိတ်ဓာတ် စသည်တို့ကို မှတ်ကျောက်တင်ခံ နိုင်သည့်အထိ ပြိုင်ပွဲဝင်ရန်ပြင်ဆင်လာခဲ့ကြပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားပွဲ တော်ကြီး၏ ဂုဏ်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုကိုပါ မြင့်မြင့်မားမား လေးစားမြှင့်တင်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
အားကစားပြိုင်ပွဲများ၏ သဘောသဘာဝအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန် လာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အငြင်းအခုံများရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း အားကစားစိတ်ဓာတ်နှင့် အားကစားယဉ်ကျေးမှုကိုမြင့်မြင့်ထားပြီး ဂုဏ်သိက္ခာရှိစွာ ယှဉ် ပြိုင်ကြရန်ပြောကြားလိုကြောင်း၊ အားကစားသမားတိုင်းသည် သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်း၊ တရားမျှတစွာယှဉ်ပြိုင်ခြင်း၊ မလျှော့ သည့်ဇွဲ၊ လုံလ၊ ဝီရိယ၊ သတ္တိတို့ဖြင့် အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း၊ ထို့အပြင်အနိုင်ရပါက ရှုံးနိမ့်သူကိုအားပေးရန်၊ မိမိရှုံးခဲ့ပါကလည်း အရှုံး ကိုလက်ခံပြီး အနိုင်ရသူကို မုဒိတာပွားအားပေးရန်၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခ တစ်စုံ တစ်ရာဖြစ်လာပါကလည်း ကူညီခြင်းဖြင့် အားကစားယဉ်ကျေးမှုကို မြှင့်တင်ကြရန် မှာကြားလိုကြောင်း။
တာဝန်ရှိသူများအနေဖြင့်လည်း ပြိုင်ပွဲအသီးသီးမှ ထွက်ပေါ်လာသည့် အရည် အသွေးမြင့် အားကစားသမားများကို စနစ်တကျစခန်းသွင်းလေ့ကျင့်ပေးပြီး (၃၃) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင် လေ့ ကျင့်ပေးသွားရမည် ဖြစ်ကြောင်း။
အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုး သားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးကိုလည်း တိုးတက်မြင့်မားစေနိုင်ကြောင်း၊ ထို့ကြောင့် အားကစားသမား မောင်မယ်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိအောင် ပါဝင် ယှဉ်ပြိုင်ကြပြီး ယခုအားကစားပွဲတော်မှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ အဖြစ်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများစွာပေါ်ထွက်မည်ဟု ယုံကြည် မျှော်လင့်ရင်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဖွင့်လှစ်ပေးလိုက် ကြောင်းဖြင့် ပြောကြားသည်။
မိန့်ခွန်းပြောကြားပြီးသည်နှင့် တစ်ပြိုင်နက် ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက် ကြသည်။
ထို့နောက် ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အထိမ်း အမှတ် မီးရှူးတိုင်ကို မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြကာ အထူးတန်း ပွဲကြည့်စင်ရှေ့ စင်မြင့်ပေါ်ရှိ မီးရှူး တိုင်တွင် မီးထွန်းညှိကြသည်။ ထိုသို့ မီးထွန်းညှိလိုက်သည်နှင့်တစ်ပြိုင်နက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီး၏ အရှေ့တောင်ထောင့် အပေါ်ဆုံးတွင်ရှိသည့် ပင်မ အထိမ်း အမှတ် မီးရှူးတိုင်သည်လည်း မီးလင်းလာခဲ့သည်။
ယင်းနောက် အားကစားသမားများနှင့် ဒိုင်လူကြီးများက အားကစားသစ္စာဓိဌာန် ကို ရွတ်ဆိုကြပြီး အလံတော်အဖွဲ့နှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အထင်အရှားရှိခဲ့သည့် ခေတ် ၆ ခေတ်ကို ကိုယ်စားပြုသည့် ယိမ်းအကများဖြင့် သရုပ် ဖော်တင်ဆက်မှု၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်း အရုံးတို့မှအဖွဲ့ဝင်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ပြဖျော်ဖြေမှုများ၊ တေးသီချင်းများဖြင့် သီဆို တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ခဲ့ကြပြီး နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများနှင့် အနုပညာရှင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ (၃) ရက်မှ (၁၆) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၂)နည်းဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ (၂၅) ရက်မှ ဖေဖော်ဝါရီ (၆) အထိ ရန်ကုန်မြို့၌ အားကစားနည်း(၂၄)နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ (၁၁) ရက်မှ (၂၄) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၉) နည်းဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၂၈) ရက်အထိ နေပြည်တော်၌ အားကစားနည်း (၂၇) နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံ တော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီး မှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထု တစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင် လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အား ကစားနည်း(၆)နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း နှင့် မသန်စွမ်းအားကစားနည်း (၄) နည်း၊ စုစုပေါင်း ၃၃ နည်း တို့ဖြင့် ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပလျက်ရှိကြောင်း၊ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများအား ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပ ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအဆင့် အားကစားနည်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။