နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၁၂

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊  ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက် ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ အား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၆)မှ အောင်စစ်သည် ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၃၉၀၊ ဗိုလ်လောင်း ဖြိုးကိုကို၊ လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၈၄၃၄၊  ဗိုလ်လောင်း သန်းထိုက်အောင် နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၄၅၃ ၊ ဗိုလ်လောင်း အောင်ဖြိုးခိုင် တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်၏ အားထားရသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများမှာ စွမ်းစွမ်းတမံလုပ်ဆောင်ပေးခဲ့သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လည်း တပ်မတော်သားအင်ဂျင်နီယာပညာရှင်များက ကျရာအခန်းကဏ္ဍများတွင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြကြောင်း။

သင်ယူခဲ့သည့် အထူးပြုဘာသာရပ်များအပေါ်မူတည်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သော်လည်း  တပ်မတော်နည်းပညာတက္ကသိုလ်မှ သင်ပေးလိုက်သည့် အခြေခံ အင်ဂျင်နီယာပညာရပ် များသည် တူညီမှုရှိသည့်တွက် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အချင်းချင်း ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အင်ဂျင်နီယာအရာရှိကောင်းများ အဖြစ် ပြည်သူလူထုက ယုံကြည်အားကိုးလာစေရန် အခြေခံကျင့်ဝတ်၊ စည်းမျဉ်းများကို လိုက်နာသွားကြရမည်ဖြစ်ကြောင်း။

အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများ မွေးထုတ်ပေးရန်အတွက် အရည် အသွေးအာမခံမှုရှိရမည်ဖြစ်သဖြင့် အင်ဂျင်နီယာပညာရေးတွင် နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် အရည်အသွေးစိစစ် အသိအမှတ်ပြုမှု(Accreditation) စဉ်ဆက် မပြတ်ရရှိရေးမျက်ခြည်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အင်ဂျင်နီယာအဖွဲ့အစည်း များက သတ်မှတ်ပေးထားသော ကောင်းမွန်သည့်စံနှုန်းများ၊ Guideline များနှင့် အညီ အရည်အသွေးအာမခံမှု (Quality Assurance) ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်မှသာ တပ်မတော်၏ အင်ဂျင်နီယာစွမ်းပကားသည် နိုင်ငံတော်ကို အကျိုးရှိစေမည်ဖြစ်ကြောင်း။

အင်ဂျင်နီယာကောင်းတစ်ယောက် သည် အင်ဂျင်နီယာပညာဒဿန(Engineering Philosophy) ရှိရန်လိုအပ်ကြောင်း၊ Engineering Philosophy ဆိုသည်မှာ အင်ဂျင်နီယာ နည်းပညာဖြင့်သော်လည်းကောင်း၊ အင်ဂျင်နီယာများမှသော်လည်းကောင်း၊ လူ့အဖွဲ့ အစည်းတစ်ရပ်အတွက် ၎င်းတို့၏ ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြုရမည် ဟူသည့် စည်းမျဉ်းကိုရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆတစ်ရပ်ပင်ဖြစ် ကြောင်း၊ ထို့ကြောင့်မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အင်ဂျင်နီယာရှုထောင့်မှ မည်ကဲ့သို့ကောင်းမွန်အောင် ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ် ဆောင်ရွက်ရန် လိုအပ် ပြီး Engineering Philosophy ရှိရန်အတွက် ပညာရပ်နှင့်သက်ဆိုင်သည်များကို အမြဲ မပြတ် လေ့လာသင်ယူနေကြရမည် ဖြစ်ကြောင်း။

ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ရင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုပြီး အီလက်ထရောနစ်စစ်ဆင်ရေးနှင့် သတင်း အချက်အလက်စစ်ဆင်ရေးများကို ထိရောက် စွာ ပုံဖော်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မျက်မှောက် ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှု ထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင်လည်း နည်းပညာ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေ အထားကို ရောက်ရှိလာပြီဆိုသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ထိုသို့ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာရပ်များကို သိရှိနားလည် အမီလိုက်နိုင်ရန်အတွက် မိမိတို့စဉ်ဆက်မပြတ် လေ့လာသုတေသနပြုမှုများ၊ ကျွမ်းကျင် မှုရှိအောင် လေ့ကျင့်ဆောင်ရွက်မှုများ လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး မိမိတို့ တာဝန်ကျ သည့် စစ်မြေပြင်နှင့်လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့ကျကျ အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။

ယနေ့ခေတ် စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence – AI)ကို ပိုမိုအသုံးပြုလာကြသဖြင့်  ဉာဏ်ရည်တု နည်းပညာနှင့် ပတ်သက်၍ လေ့လာသုတေသနပြုမှုနှင့် စမ်းသပ်တီထွင်ထုတ်လုပ်မှု များကိုလည်း အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ ထို့အပြင် မျက်မှောက်ခေတ် စစ်မြေပြင်သည် သတင်းအချက်အလက်နည်းပညာ (Information Technology)ကို အခြေခံပြီး Digitalized Battle Field အသွင်ဆောင် လာနေခြင်းကြောင့် သတင်းအချက် အလက်နည်းပညာများကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသွားရန် မှာကြားလိုကြောင်း၊ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး တိုက်ပွဲဝင်အသင့်(Fit For Fight)ဖြစ်သည့် အင်ဂျင်နီယာ အရာရှိကောင်းများ ဖြစ်အောင် ကြိုးပမ်းသွားကြရန်လည်းမှာကြားလိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း  သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အချိန်မဆိုင်းဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့် အင်တိုက်အားတိုက် ပါဝင်ကူညီလျက်ရှိကြောင်း။

သဘာဝဘေးအန္တရာယ်သတင်းများကို သိလျှင်သိခြင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန် သွားရောက် ကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း လူ အင်အား၊ စက်ယန္တရားအင်အား အစွမ်းကုန်သုံးပြီး သဘာဝဘေးသင့်ဒေသများ မူလ အခြေအနေ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။

ထိုသို့ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်သိသိ ဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သဖြင့် တစ်နည်းအားဖြင့် အင်ဂျင် နီယာစွမ်းပကားဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်သည်ကို သိရှိ နားလည်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်ကာလများတွင် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည့် လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief – HADR)လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျရာအခန်း ကဏ္ဍတွင် ကြိုးပမ်းလုပ်ဆောင် သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်မှသာ အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်ပညာနှင့်ပတ်သက်ပြီး ပြည့်စုံပြီးမြောက်အောင် ဖြည့်ဆည်းရန်အတွက် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာနှင့် အဆင့်မြင့် နည်းပညာများကို နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ရန် စဉ်ဆက်မပြတ် လေ့လာသုတေသန ပြုတီထွင်နေရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါ ပင်ကိုဗီဇဟု ယခင်က သတ်မှတ်ကြသော်လည်း ယခုအခါတွင် ခေါင်းဆောင်မှုအရည်အချင်းသည် လေ့ကျင့် ယူနိုင်သည့် အရည်အသွေးအဖြစ် သတ်မှတ်လာကြပြီ ဖြစ်ကြောင်း၊ စစ်ဘက် ခေါင်းဆောင်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝနေရန်လိုအပ်ပြီး မိမိဦးဆောင် သည့်အဖွဲ့အစည်း၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်ဖြင့် ဦးဆောင်ပြီး စီမံခန့်ခွဲ သွားကြရန် အလေးထားမှာကြားလိုကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန်အတွက် စစ်ရေးစွမ်း ရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်ရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်အစဉ် ထက်မြက် နေရန်လိုကြောင်း၊ စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေမှသာ ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း။

စစ်ရေးစွမ်းရည် ထက်မြက်စေရန်အတွက် စွမ်းရည်ရှိသည့်ကာကွယ်ရေးနှင့် စွမ်းအားရှိသည့် ကာကွယ်ရေးနှစ်မျိုးလုံး ပြည့်စုံနေရမည်ဖြစ်ပြီး စွမ်းရည်ရှိဖို့အတွက် တစ်ဦးချင်း ၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ စွမ်းအား ရှိရန်အတွက် လက်နက်၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ အားလုံး စွမ်းအားရှိသည့်ပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း။

အုပ်ချုပ်မှုစွမ်းရည် ကောင်းမွန်စေရန်အတွက်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်အောင် လေ့လာသွားကြရန် လိုအပ်ကြောင်း၊ မိမိတာဝန်ယူထားသည့် တပ်ဖွဲ့များကို အုပ်ချုပ်မှုညီညွတ်မျှတစေရန်နှင့် သက်သာချောင်ချိရေးကိုလည်း အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း၊ စည်းရုံးရေး စွမ်းရည် ကောင်းမွန်စေရန်အတွက် တပ်တွင်းစည်းလုံးညီညွတ်မှုရှိအောင် မိမိတာဝန်ကျ ရာ တပ်ရင်း၊ တပ်ဖွဲ့ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုဝင်များကို တစည်း တလုံးတည်း ဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။

အရည်အသွေးရှိသည့် အင်ဂျင်နီယာပညာ ရေးစနစ်ဖြင့် သင်ကြားလေ့ကျင့်ခဲ့မှုများ ကိုအခြေခံပြီး မိမိတို့ဘဝတစ်လျှောက်လုံး အစဉ်တိုးတက်မှုရှိအောင် စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မျက်မှောက်ကာလ နည်းပညာ တိုးတက်မှုများကို အသုံးချပြီး နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက် တိုးတက်ပြောင်းလဲလာသည့် နည်းပညာရပ်များကို အမြဲမပြတ်လေ့လာ သုတေသနပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ စည်းကမ်း၊ ကျင့်ဝတ်အရာမှာ စံနမူနာပြအဖြစ်ကျင့်ကြံပြီး မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်များ ကို နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးရှိစွာအသုံးချနိုင်သည့် အင်ဂျင်နီယာအရာရှိ ကောင်းများဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြော ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသည့် အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် သင်တန်းကာလ ၆ နှစ်တာ ကာလတစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာသင်ကြားမှုအပိုင်းတို့တွင် ကြိုးစားအား ထုတ်မှု၊ မိမိကိုယ်ကိုစောင့်ထိန်းမှု တို့ကြောင့်ရရှိခဲ့သည့် တန်ဖိုးရှိသည့် ဆုများပင်ဖြစ် ကြောင်း၊ မိဘများအနေဖြင့်လည်း သာမာန်တောင်သူများဖြစ်ကြသည်ကို တွေ့ရှိရပြီး ငယ်စဉ်ကလေးဘဝမှစ၍ ယခုအချိန်အထိ ကြိုးစားရုန်းကန် ပြုစုပျိုးထောင်ပေးခဲ့ရမည် ဖြစ်ကြောင်း၊ မိဘ၊ ဆရာများ၏ ဆိုဆုံးမမှု၊ သင်ကြားမှုအောက်တွင် ကောင်းမွန်စွာ ကြီး ပြင်းလာခဲ့ပြီး မိမိကိုယ်ကို ထိန်းသိမ်း လုပ်ဆောင်တတ်သည့် အခြေခံစိတ်ဓာတ်ကောင်းများ ကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာပေပညာအပြင် အတတ် ပညာကိုပါသင်ယူရသည်ဖြစ်ပြီး တန်ဖိုးရှိသည့်ပညာရပ်များကိုသင်ယူခဲ့ရသည် ဖြစ်သည့် အတွက် မိမိတို့၏ ရည်မှန်းချက်နှင့်ရည်ရွယ်ချက်ပန်းတိုင်များ မပျောက်ပျက်အောင် ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာသည် အလွန် လျှင်မြန်စွာ ပြောင်းလဲတိုးတက်နေသည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်သည့် လေ့လာမှု၊ သုတေသနပြုမှု၊ ကြိုးစားအားထုတ်မှုများဖြင့် ခေတ်ကို မျက်ခြည်မပြတ် အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူး ဆပ်ရန်လိုအပ်သကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ် ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက်များ မပပျောက်စေရေးအတွက် စစ်သားကောင်းတစ်ယောက်ပီသစွာဖြင့် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုထိန်းထိန်းသိမ်းနေ ထိုင်ပြီး မိသားစု၊တပ်မတော်နှင့်နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်း ဆောင်ကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်‌ကြောင်းဖြင့်  မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။