( ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် )
ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ
ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ ရခိုင်ပြည်နယ်နှင့်ဒေသအသီးသီးတွင် ရောက်ရှိနေထိုင်ကြသော ရခိုင်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရခိုင်ပြည်နယ်နေ့သည် ပြည်ထောင်စုဖွား ရခိုင်တိုင်းရင်းသားတို့အတွက် ထူးခြားလေးနက်သော ဝိသေသများနှင့်ပြည့်စုံပြီး ဂုဏ်ယူ ဖွယ်ရာ မင်္ဂလာရှိသောနေ့ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်သည်လည်း ပြည်နယ်တစ်ခုအဖြစ် ပါရှိခဲ့ပါသည်။ ယင်း ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် နှစ်(၅၀)ပြည့်မြောက်ပြီ ဖြစ်ပါသဖြင့် ရွှေရတုအထိမ်းအမှတ်နှစ်အဖြစ် သမိုင်းဝင်မော်ကွန်းတင်ပြီး အောင်လံစိုက်ထူကမ္ပည်းရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် ရှေးရခိုင်တိုင်းရင်းသားတို့၏ ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်များ၊ အနုပညာလက်ရာများ ပေါကြွယ်ဝသော ပြည်နယ်ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းလင်းတောက်ပသည့် ဒေသတစ်ခုဖြစ်သည်နှင့်အားလျော်စွာ “သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင့်ဘုရားပေါင်း”ဆိုသည့်အတိုင်း သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပြည့်စုံသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် ပထဝီဝင်အနေအထားအရ အနောက်ဘက် ကမ်းရိုးတန်းဒေသတွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၄,၂၀၀ ကျယ်ဝန်းပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက် ရှိသဖြင့် နိုင်ငံ့အတွက် အရေးပါသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ တော၊ တောင်၊ မြစ်ချောင်းများ စိမ်းလန်းစိုပြည်သော သစ်တောများ ရှိသည့်အပြင် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ် လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ ပေါကြွယ်ဝပြီး အဖိုးတန်ထွက်ကုန်များထုတ်လုပ်နိုင်သည့် ဂုဏ်ယူဖွယ်ရာ သာယာလှပသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို နိုင်ငံအခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရေးပေါ်ကာလ ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့်အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်လည်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါအတိုင်း ကဏ္ဍအလိုက် ဟန်ချက်ညီ ရှေ့ဆက် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် ကျန်နေသည့်ဒေသများကို ဆက်လက်ကောက်ယူလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေး အခြေခံကျသည့် အုတ်မြစ်မှာ တရားမျှတ၍ သိက္ခာရှိသော နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဖြစ်ပါသည်။ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးတို့အတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်တို့ကိုလည်း အထူးအလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လူသားတိုင်း အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးမှာ အခြေခံလိုအပ်ချက်များဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက် (၂)ရပ်အဖြစ် ချမှတ်ထားပြီး စိုက်ပျိုးရေးတွင် ဒေသနှင့်ကိုက်ညီသော ထုတ်ကုန်များ ထွက်ရှိလာစေရေး၊ နိုင်ငံသားတိုင်း အကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် အရှိန်တိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့်စက်မှုလက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထားပြီး ဖြစ်ပါသည်။ ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ သမဝါယမအသင်းများနှင့် စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်သူများသို့ ခွဲဝေဆောင်ရွက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ပါသည်။
ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်လာစေမည်ဖြစ်ပြီး နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းများ မြင့်မားလာစေမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသ တိုင်းရင်းသားပြည်သူများအပေါ်ထားရှိသည့် နိုင်ငံတော်၏စေတနာနှင့် တိုင်းရင်းသား ညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို မြင်တွေ့ရမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုင်းအဝိုင်း ထွန်းကားရေးအတွက် ပညာရေးနှင့်ပတ်သက်ပြီး KG+9 အထိ မသင်မနေရသတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်း မြင့်မားရေး၊ ကျောင်းသား/ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးတို့ကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
အနာဂတ်တွင် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့် ပြည့်စုံသော အရည်အချင်း ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာရေးအတွက် အတတ်ပညာပြည့်ဝရေးသည် အဓိကကျသလို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆမှန်ကန်ရေးသည်လည်း မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်ပညာသာမက အသိပညာ ဗဟုသုတများ ရှာမှီးနိုင်ရန် နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများတွင်လည်း ပူးပေါင်းပါဝင်ခြင်းဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ပေးကြရန် လိုအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် မေလအတွင်းက အင်အား အလွန်ပြင်းထန်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ်ကလည်း မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်ရက်မှာပင် ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်သည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေး မှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိသဖြင့် အစိုးရအဆက်ဆက် ယခုအချိန်အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲ တိုးတက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
သို့သော်လည်း လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့မှ ဩဇာလွှမ်းမိုးချုပ်ကိုင် လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရမည်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရပါသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတို့ ခင်ဗျာ
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများပင် ဖြစ်ကြပါသည်။ ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့်အရင်းအမြစ်များကို ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်း ခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးက အရှည်ကိုမြော်တွေးကြရန် အရေးကြီးသည့်အချိန် ဖြစ်ပါသည်။ မိမိတို့အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏ စွမ်းအားများလျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါ သည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပ စွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင် မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုလျက်ရှိပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့်တိုင်းရင်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိပါသည်။ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ပေါ်တွင် မှီတည်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို
အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့် မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးနှင့် မှန်ကန်သည့်ပြုပြင် ပြောင်းလဲမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာနှင့် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိက လိုအပ်ချက်များဖြစ်သည့် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည်နှင့်အမျှ လျင်မြန်စွာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုး ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှစ် (၅၀)ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ