နေပြည်တော် ဧပြီ – ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ မြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ တင်ပြ
ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော် နှင့် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းတို့က ဒေသဆိုင်ရာ အချက် အလက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေ အနေများနှင့် လားရှိုးမြို့ ရေဖူလုံစွာရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား ရှင်းလင်းပြောကြား
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း တို့က ဝန်ကြီးဌာန အလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအလိုက် ရှင်းလင်းပြောကြားရာတွင် လားရှိုးမြို့ရေရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လားရှိုး မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ စိုက်ပျိုးရေးအတွက် ရေတင်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မျိုးကောင်းမျိုးသန့်ရရှိရန်နှင့် စိုက်နည်းစနစ်ရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေး သွားမည့် အခြေအနေများ၊ လားရှိုးတက္ကသိုလ်တွင် စီးပွားရေးနှင့် ဥပဒေပိုင်း ဆိုင်ရာ တို့ကို သင်ကြားပေးသွားမည့် အခြေအနေများနှင့် ပညာရေးဝန်ထမ်းလိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး အတွက် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး နယ်စပ်ဒေသ ကုန်စည် စီးဆင်းသွားလာမှုများသည့်မြို့ဖြစ်သဖြင့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဒေသခံများ၏ လိုအပ်ချက်များ
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လားရှိုး မြို့ပြင် နှင့် မြို့တွင်းလမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေး စေလိုသည့်အခြေအနေများ၊ လားရှိုးမြို့ အေဒီချောင်းမှရေအား ရေအသုံးချမှု နည်းလမ်းများဖြင့် ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများနှင့် ဂုတ်တွင်းတံတား တည်ဆောက် ပေးစေလိုမှုအခြေအနေများကို အသီးသီးတင်ပြကြသည်။
ဒေသခံများ၏ တင်ပြချက်များအား ဖြေရှင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာ၌ ဒေသခံများ၏ တင်ပြချက်များတွင် ပါဝင်သည့် လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုခြင်းနှင့် ပတ်သက်၍ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးသည် နေ့စဉ်ယာဉ်ကြီးယာဉ်ငယ်များစွာ သွားလာအသုံးပြုလျက်ရှိပြီး နိုင်ငံတကာ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လားရှိုးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်များ အား အသုံးချ၍ သုံးရေရရှိနိုင်ရေး ဦးစွာဆောင်ရွက်ပြီး သောက်ရေအတွက် ပြန်လည် သန့်စင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဂုတ်တွင်းတံတား တည်ဆောက် ပေးစေလိုမှုနှင့် ပတ်သက်၍ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် လမ်းကောင်းမွန်ရေးအတွက် လမ်းများစနစ်တကျရှိအောင် ထိန်းသိမ်းဆောင်ရွက်အတွက် စည်ပင်သာယာဝန်ထမ်းများသာမက မြို့နေပြည်သူ များကလည်း စည်းကမ်းစနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်ကောက်ခြင်းနှင့် မိမိတို့နေအိမ်အလိုက်၊ လမ်းအလိုက် သန့်ရှင်းသပ်ရပ်အောင် နေထိုင်မည် ဆိုပါက မြို့သာယာလှပလာမည်ဖြစ်သဖြင့် စည်းကမ်းစနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက် ကြစေလိုကြောင်း။
လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်လာမှသာလျင်မိမိဒေသ၊ မိမိတိုင်းပြည် တိုးတက်မည်ဖြစ်သဖြင့် ပညာရေးအားပေးကြရမည်
ေယခုခရီးစဉ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည် သာယာဝပြောရေးဆိုသည်မှာ တိုင်းသူပြည်သားအားလုံး ဘဝ၌ လုံခြုံပျှော်ရွှင်စွာဖြင့် အလုပ် လုပ်ကိုင်နိုင်ရေး၊ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး နှင့် လိုအပ် ချက်များကို တတ်နိုင်သမျှ ပြည့်စုံစေရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ပြီး “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသကဲ့သို့ စားရေရိက္ခာဖူလုံပေါများရေးကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တွက်ချက်ခဲ့သည့် ကြားဖြတ်သန်းခေါင် စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များ များစွာ ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ တိုင်းပြည်၏ မြေပေါ် မြေအောက် သယံဇာတများကို ပညာတတ်လူသား အရင်းအမြစ်များဖြင့် အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရင်ဘောင် တန်း အမှီလိုက်နိုင်ရေးအတွက် ပညာရေးကို မဖြစ်မနေ အားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာပေပညာသင်ကြားပေးနေခြင်းသည် အစိုးရအတွက် မဟုတ်ဘဲ အစိုးရက နိုင်ငံတော်အတွက် ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍ ၌ သင်ရိုးညွှန်းတမ်းများကို အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင် ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်း တိုင်ပင် ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို သိရှိနားလည်ရန်လိုကြောင်း၊ ယခု ဆောင်ရွက်နေသည်မှာလည်း ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည်မြှင့်တင်မှု စီမံကိန်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးသည် နိုင်ငံသားအားလုံး၏ ရပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘောကျ ခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကျောင်းနေသူ ရာခိုင်နှုန်းနှင့် စာတတ်မြောက်သူ ရာခိုင်နှုန်း နည်းပါး လျက်ရှိသဖြင့် ပညာရေးကိုအားပေးကြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာရှင်များပေါ်ထွက်လာမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုမို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်လူရွယ်များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ်ပညာများ သင်ကြားပေးနေခြင်းသည် မိမိတို့ တစ်ဦး ချင်း စီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိအောင် ယူကြစေလိုကြောင်း၊ အတတ်ပညာရပ်များသည် အတန်းပညာတတ်မှသာလျင် သင်ကြားတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာရပ် များကို သင်ကြားမည်ဆိုပါက အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့် ရှိရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း အသိပညာတိုးပွားစေရေးအတွက်လည်း စာပေဖတ်ရှု လေ့လာနေကြရန်လိုအပ်ပြီး ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း။
ဒေသတွင်း သယံဇာတများကို အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးစားကြရန်လို
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာပါက ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ သည်လည်း မရှိမဖြစ်လိုအပ်လာကြောင်း၊ ယခင်ကလည်း မိမိအနေဖြင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်သည့် ပြောကြားခဲ့ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက် သယံဇာတများ များစွာ ရှိသည့်အတွက် စီးပွားရေး လုပ်ငန်းရှင်ဒေသခံများအနေဖြင့် သံမဏိလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
အလားတူ ရှမ်းပြည်နယ်အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များစွာရှိကြောင်း၊ ဒေသတွင်း ထုတ်ကုန်များမြင့်မားရေး၊ စက်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့် အတွက် ဒေသတွင်း လျှပ်စစ်ဖူလုံရေး၊ သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအား ထုတ်ယူနိုင်ရေးအတွက်စဉ်းစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းပြည် နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများလုပ်ဆောင်လျက်ရှိပြီး ပြီးစီးပါက လျှပ်စစ် မီး ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် မြေသယံဇာတများစွာရှိပြီးဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည့် အခြေအနေရှိပြီးဖြစ်ကြောင်း၊ သယံဇာတ များကို အကျိုးရှိရှိအသုံးချနိုင်ရေး တိုက်တွန်းလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊ အတန်းပညာ၊ အတတ် ပညာကို အခြေခံပြီး ဆောင်ရွက်မှသာ တိုးတက်မှုရှိနိုင်မည်ဖြစ်ကြောင်း။
လူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမျှ မရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျစီမံဖော်ဆောင်
အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း လူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမှ မရှိဟုခံယူလျက် ကျန်းမာရေးဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများ စသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ရပြီး ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိရန်နှင့် ကာကွယ်ဆေးထိုးနှံမှု များကို မဖြစ်ဖြစ်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ပညာရေးပိုင်းနောက်ကျ ခဲ့မှု မရှိရအောင်လည်း အခက်အခဲများကြားမှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်၍ စာပေသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်း ပြည့် ပြီးစီးစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။
ကလေးငယ်များ၏ အားလပ်ရက်များကို အကျိုးရှိရှိ အသုံးချပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်
သင်္ကြန်ပိတ်ရက်ကာလ ကိုယ်ပိုင်အချိန်များအတွင်း လာရောက်တွေ့ဆုံရသည့် အတွက် မိမိအနေဖြင့်အားနာမိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြောကြား ရန်နှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ မိမိတို့၏ ကလေးငယ်များကိုလည်း ကျောင်းပိတ်ရက်အတွင်း အကျိုးရှိစွာဖြင့် အသုံးချ နိုင်ရေး စီမံဆောင်ရွက်ပေးစေလိုပြီး ယဉ်ကျေးလိမ္မာ စာပေဗဟုသုတများကို သင်ကြား ပေးစေလိုကြောင်း၊ ယဉ်ကျေးသည့် လူမှုအသိုင်းအဝိုင်းနှင့် မြန်မာတို့၏ ဘာသာရေး ကိုင်းရှိုင်းမှုစသည့် အစဉ်အလာကောင်းများကို ပြန်လည်ဖော်ဆောင်ပေးပြီး ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအတွက် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။