နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ – ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာ၌ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ဧပြီ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် စိန်ရတုပြည်ထောင်စုနေ့ ကျရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ ကျရောက်မည် ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပြည်သူများအားလုံး ငြိမ်းချမ်းမှုအရသာ၊ ဒီမိုကရေစီ၏အနှစ်သာရ ကိုအပြည့်အဝမခံစားရသေးကြောင်း၊ သဘောထားကွဲလွဲမှုအမျိုးမျိုးကြောင့် ပဋိပက္ခ များဖြစ်ပေါ်ခဲ့ပြီး အဆိုပါပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းရန် မိမိအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတို့တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် သက်ဆိုင် ရာအဖွဲ့အစည်းများကလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ကန့်သတ်ချက်ရှိမှုများကြောင့် ထိုက်သင့် သလောက်တိုးတက်မှုများမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ အချို့ EAO များအနေဖြင့် ၎င်းတို့နယ်မြေတွင် ရောက်ရှိနေ သော PDF အကြမ်းဖက် သမားများကြောင့်လည်း အခက်အခဲတစ်ချို့ဖြစ်ပေါ်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ကိုယ်တိုင်ဖိတ်ခေါ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံရန်ဆောင်ရွက်ရာတွင်လည်း အမြန်ဆုံးတွေ့ဆုံနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များအလိုက် တိုတောင်းသည့် ကာလ အတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန်နှစ်ဦးတို့ကို မိမိနှင့် သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေး နိုင်ရန်အတွက် ထိုသို့ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးမှုကြောင့် ရသင့် သည့် အဖြေတစ်ခုရရှိလာမည်ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရာတွင်လည်း နှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီ၏ အနှစ်သာရကိုပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိစေရေး နှစ်ဖက်မျှတမှုရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာနိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် လွတ်လပ်မှု၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရကိုခံစားနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများမှ ပေါက်ဖွားလာခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက် သည့် အစိုးရစနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆို ချက်များနှင့် အခွင့်အာဏာများခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေရန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကိုသွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေး မဆုံးရှုံးမီအချိန်အထိ ဘုရင့် နိုင်ငံအဖြစ်တည်ရှိခဲ့ကြောင်း၊ ကျယ်ပြန့်သောနိုင်ငံတော် အဖြစ် တည်ထောင်ခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တို့၏ ခေတ်သုံးခေတ်ရှိကြောင်း၊ အဆိုပါခေတ်သုံးခေတ်တွင် မိမိတို့နိုင်ငံ၏ နယ်နိမိတ်သည် ယခုထက် ပိုမိုကျယ်ဝန်းကြောင်း၊ သို့သော်နယ်ချဲ့လက်အောက်ကျရောက်ခဲ့ချိန်တွင် နယ်နိမိတ် များ ပြန်လည်ဆုံးရှုံးခဲ့ကြောင်း၊ ဘုရင်ခေတ်တွင် အုပ်ချုပ်မှုနယ်ပယ်များ အလိုက် အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြပြီး တစ်နိုင်ငံလုံးကို ဘုရင့်ဩဇာ သက်ရောက်မှု ရှိသည်ကို သမိုင်းများအရသိရှိရကြောင်း၊ နယ်ချဲ့များအုပ်ချုပ်ခဲ့ချိန်တွင်လည်း ပြည်မ ဒေသကို တိုက်ရိုက်အုပ်ချုပ်၍ တောင်တန်းဒေသများကို ပုံစံတစ်မျိုးဖြင့်ခွဲခြား၍ အုပ်ချုပ်ခဲ့သော်လည်း အုပ်ချုပ်မှုအားလုံးသည် နယ်ချဲ့အစိုးရလက်အောက်တွင် သာရှိကြောင်း၊ မြန်မာပြည်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းချိန်တွင် နယ်ချဲ့များက တောင်တန်းဒေသနှင့်ပြည်မခွဲ၍ လွပ်လပ်ရေးပေးရန်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်ခံမှုမရှိခြင်းကြောင့် ပင်လုံအစည်းအဝေး ကျင်းပ၍ ပင်လုံစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်၍ တစုတစည်းတည်းသော ပြည်ထောင်စုအဖြစ် နိုင်ငံလွတ်လပ်ရေးကိုရရှိအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ် စနစ်စသည့် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့် အာဏာများကို ခွဲဝေထားပြီးဖြစ်သဖြင့် ဖက်ဒရယ်စနစ်သဘောတရားများ အတိုင်းသာ ရေးဆွဲထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် များနှင့်အတူ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ ဖိတ်ခေါ်ထားပါကြောင်း၊ လက်ရှိအချိန်ထိ အကြောင်းပြန်ခဲ့သည်မှာ NCA လက်မှတ် ရေးထိုးပြီးသည့်အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် အဖွဲ့ ၃ ဖွဲ့ လာရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊
တွေ့ဆုံ ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်းဖြစ်သော်လည်း အချို့ သောအဖွဲ့များမှ ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိခြင်းကြောင့် ဥက္ကဋ္ဌကိုယ်စား ပြုသူများကို စေလွှတ်ခြင်းများရှိကြောင်း၊ ၎င်းတို့အနေဖြင့် အာမခံချက်များ ရှိရန်လိုပါကြောင်း၊ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေတစ်ခုထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏အလိုဆန္ဒများ၊ တိုင်းပြည်၏အလိုဆန္ဒများဖြင့် နှစ်ဖက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍လည်း ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကိုကောင်စီအစည်းအဝေး၌ ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုပြောကြားနေခြင်းသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်ပင်နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ကြားရန်လိုအပ်မှု
ဧပြီ ၂၄ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၏ အောင်စာရင်း ကိုထုတ်ပြန်ပေးခဲ့ကြောင်း၊ လာမည့် ဇွန်လတွင်လည်း အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိပြီး လိုအပ်လျက်ရှိသည့် ဆရာ၊ ဆရာမများ ထပ်မံဖြည့်တင်းပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ တက္ကသိုလ်များနှင့် ကောလိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမများ လုံလောက်စွာ ခန့်အပ်နိုင်ရေးအတွက်လည်း အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဆရာ၊ ဆရာမများအားလုံး အရည်အချင်းများပြည့်ဝနေရန် လိုကြောင်း၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျောင်းနေရန်လိုကြောင်း၊ ပညာပြီးမြောက်အောင် သင်ကြား မှုမရှိပါက ကျောင်းသား၊ ကျောင်းသူများ၊ မိဘများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုများရှိကြောင်း၊ နိုင်ငံတော်အတွက် အလုပ်လုပ်နိုင်မည့် လုပ်အားများ ဆုံရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်း၏ ဆုံးရှုံးနစ်နာမှုလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး တိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ်တက်ရောက်ရန် အတွက် ကျောင်းလာရောက်အပ်နှံသူ ၅၀ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ဆက်လက်လာ ရောက်သင်ကြားမည့်သူများ ရှိကြောင်း။
ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု
ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်များ ပြုန်းတီးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းလိုအပ်လျက်ရှိသည့် ဒေသများတွင် တပ်မတော်မှဆေးဝန်ထမ်း တပ်ဖွဲ့များကို တွဲဖက်တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့၊ သင်တန်းဆင်းကျန်းမာရေး ဝန်ထမ်းများကိုလည်း နိုင်ငံတော် တာဝန်များထမ်းဆောင် နိုင်ရေး ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်သူများကျန်းမာရေး ဝန်ဆောင်မှုပြည့်ဝစွာရရှိစေရန်အတွက် ဆေးရုံများကိုတတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍လည်း ၂၀၂၁ ခုနှစ်အတွင်း ကူးစက်မှု နှုန်းမြင့် မားခဲ့မှုအတွက် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အာလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ ယခုအခါ ယခုအခါ ၀ ဒသမ ၂ ရာခိုင်နှုန်းအောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ တွင် ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်ရှိပါက ထိန်းသိမ်းနိုင်သည့် အဆင့်သို့ ရောက်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ပေးထားကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ရောဂါကူးစက်မှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် အချို့သော ကိုဗစ် စည်းကမ်းချက်များကို ဆက်လက်လိုက်နာရန်လိုအပ်နေသေးကြောင်း၊ ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင်လည်း ယခုအခါအသက် ၁၈ နှစ်အထက် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကို တစ်ကြိမ်နှင့်အထက် ထိုးနှံပေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးနှံမှုနည်းပါး နေသေးသဖြင့် တတ်နိုင်သမျှထိုးနှံပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခုအခါအသက် ၁၅ နှစ်နှင့်အထက်ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံပေးပြီးဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
မိမိတို့စတင်တာဝန်ယူချိန်တွင် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သဖြင့် သွင်းကုန် များလျှော့ချ၍ ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကုန်သွယ်မှု ပိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွား မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် မရရှိခဲ့ကြောင်း၊ သွင်းကုန်၊ ထုတ်ကုန်များလည်းပုံမှန်နှစ်များထက် နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဝင်ငွေများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သွင်းကုန်များ ဖြစ်သည့် စက်သုံး ဆီများ ချွေတာသုံးစွဲရန်နှင့် စားသုံးဆီများလျှော့ချ သုံးစွဲနိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့် မြေသယံဇာတများစွာရှိကြောင်း၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုး၍ စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ GDP သည် တိုးတက် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများ အပြည့်အဝစိုက်ပျိုးနိုင်ရေး လိုအပ် သည်များကို နိုင်ငံတော် အစိုးရမှလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမှုတစ်ဧကချင်း အထွက်နှုန်းများ တိုးတက်မှုရှိစေရေး ဆောင်ရွက်ရန်လိုသကဲ့သို့ လေလွင့်ဆုံးရှုံးမှုများ မရှိစေရေး စနစ်တကျဖြင့် ရိတ်သိမ်းခြင်းများ ဆောင်ရွက်ရန်လို ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများရရှိရေး အတွက် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဇီဝမြေဩဇာများ လုံလောက်စွာရရှိနိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေး ကိုအခြေခံပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လို ကြောင်း မှာကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်း လုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာအခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့အဝင်ဂိတ်များတွင် လက်နက် ခဲယမ်း စစ်ဆေးနိုင်သည့် စက်ကရိယာများတပ်ဆင်ပေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ကျန်ရှိနေသည့် EAO များအား ဆွေးနွေးပွဲတက်ရောက်နိုင်ရန် ငြိမ်းချမ်းရေးလမ်းကြောင်း ဆက်လက်ဖွင့်လှစ်ပေး ထားရေး၊ ဒီဂျစ်တယ် ငွေကြေးစနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရေး၊ ပြည်တွင်း စားသုံးမှုကို မထိခိုက်စေရန် ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုများ ထိန်းချုပ်၍ ပြည်ပမှ မျိုးသန့်အသားစားနွားများ မွေးမြူနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် EAO များအား အသိအမှတ်ပြု ကြိုဆိုနိုင်ရေး၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ရသင့်ရထိုက်သူများ မကျန်ရှိစေရေး စိစစ်ဆောင်ရွက်ပေးရေး၊ မြေယာစီမံခန့်ခွဲမှုများ၌ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေး၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးရေး၊ ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် အခြေခံကျန်းမာရေးသင်တန်းကျောင်း ဖွင့်လှစ်ပေးရေး၊ ချင်းပြည်နယ်တွင် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နိုင်ရန် စီမံ ဆောင်ရွက်ပေးရေး၊ အချို့လေကြောင်းလိုင်းများတွင် ကိုဗစ် – ၁၉ ရောဂါစစ်ဆေး ဆောင်ရွက်မှုများကို စည်းမျည်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ မြေယာကိစ္စ များတွင် ဝန်ထမ်းအချို့ မသမာမှုများရှိနေသည့် အတွက် စိစစ်ဖော်ထုတ် အရေးယူရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတာ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင် လုပ်ဆောင်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ EAO များနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့်တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ကြောင်း၊ မြို့အဝင် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးဂရုပြုဆောင်ရွက်သွားမည်ဖြစ်ပြီး Online Banking စနစ် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ အခြေခံပြည်သူများ ဝင်ငွေ ရရှိရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း။
တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်ပေးရန် ဆောင်ရွက်နေပြီး ကျန်းမာရေး ဝန်ထမ်း ခန့်ထားစေလွှတ်နိုင်ရန် ဒေသငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအုပ်မြစ်တစ်ခုချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရာတွင် ယုံကြည်မှု၊ ရိုးသားမှုနှင့် ပြည်ထောင်စုအကျိုးကို ရှေ့ရှု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို စဉ်းစားဆောင်ရွက် ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချိန်ထိုးစဉ်းစား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ “ခုနက ကျွန်တော်တို့ ဆွေးနွေးတဲ့အချိန်မှာ အုပ်စု နှစ်ခု ကျွန်တော်တို့ တွေ့ပါတယ်။ တစ်ခုက တော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဒုတိယကတော့ NCA လက်မှတ် ရေးထိုး ထားခြင်းမပြုရသေးတဲ့အဖွဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲမှာ ၇ ဖွဲ့တက်ဖို့ ရှိပါတယ်။ လက်မှတ်ရေးထိုးထားခြင်း မပြုရသေးတဲ့အဖွဲ့ထဲမှာ ၃ ဖွဲ့တက်ပါမယ်။ လက်မှတ်ရေးထိုးပြီးတော့မှ အကြောင်းပြပြီး မတက်တဲ့အဖွဲ့ ၃ ဖွဲ့ရှိပါတယ်။ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့ထဲက မတက်ဘူးလို့ ကြေညာထားတာ ၃ ဖွဲ့ ရှိပါတယ်။ ဒီမှာ မူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ လာမတက်ဘူးဆိုပြီး တော့ ဆုံးဖြတ်ချက်ချခဲ့တာ KNU အဖွဲ့ဖြစ်ပါတယ်။ KNU ရယ် နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲ့ဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့က ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက် ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရှိ ရပါတယ်။
“နိုင်ငံအရေးမှာ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပကပါဝင်နေသမျှ ကာလပတ် လုံး တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာ နိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တခြားပြည်ပ နိုင်ငံတွေကနေပြီးတော့ ဝင်ရောက် စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ အားနဲ့ပဲ ရအောင် ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ သွားချင်တဲ့၊ ပြည်သူကနေ သွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို မရောက်ရောက်အောင် ကျွန်တော်တို့ ချီတက်ပါ မယ်။ ကျွန်တော်တို့ရှေ့လုပ်ငန်းစဉ် ၅ ရပ်လည်း ကျွန်တော်တို့ ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒီရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အောင်မြင်အောင်လို့ ဆိုတာလည်း ငြိမ်းချမ်းရေးကိစ္စရပ်တွေကလည်း များစွာ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူများရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒေသတစ်ခုတည်း၊ အုပ်စုတစ်ခုတည်းကို သွားပြီးတော့မှ အလေးထားဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်တော့ ပြည်သူအများရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့ ကတော့ ခဲယဉ်းတယ်ဆိုတာလေးလည်း ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။ တစ်ကယ်ငြိမ်းချမ်းရေးလိုချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်နဲ့ လာကြဖို့ရယ်၊ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီ တစ်ကယ် မှန်မှန်ကန်ကန် ဖြစ်ချင်တယ်ဆိုလို့ရှိရင် ဒီမိုကရေစီလိုချင်တဲ့ဆန္ဒရယ်၊ ပြည်ထောင်စု အတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသား အားလုံး ပြည်ထောင်စု စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် ကျွန်တော်တို့ ရည်မှန်း ချက်ပန်းတိုင် ကို ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ်ဆိုတဲ့ အမြင်ရှိတယ်ဆိုလို့ရှိရင် ပြည်ထောင်စု စိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်” ဟုပြောကြား သည်။
ယင်းနောက် ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခွဲဝေခံစားစေခြင်း ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏အဓိက လိုအပ်ချက်သည် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ သာယာဝပြော ရေးဆိုသည်မှာ ငြိမ်းချမ်းရေးကိုအခြေခံ၍ အလုပ်အကိုင်အခွင့်အလမ်းများကို အားလုံး က ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်သာယာဝ ပြောမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကို ဦးဆောင်နေ သည့် အစိုးရကဖန်တီးဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖန်တီးပေးနိုင်မှသာ စားရေရိက္ခာများလည်း ပေါများလာမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ် နှစ်ခုသည် အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး ရရှိရေး မျှော်မှန်းချက်ထား ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။