နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ – ၄

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ပြည်ထောင်စု ကြီး၏ အရိပ်အာဝါသအောက်၌ စည်းလုံးညီညွတ်စွာ အတူတကွ စုပေါင်းနေထိုင်ခဲ့ကြ ကြောင်း၊ သမိုင်းတစ်လျှောက် ကုန်းဘောင်ခေတ်အထိ အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာနှင့် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြ ကြောင်း။

သို့သော် ကိုလိုနီစနစ်ဆိုးကြောင့် သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်များတွင်နယ်ချဲ့ဗြိတိသျှတို့၏ ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲမှုနှင့် မတရားကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရကြောင်း။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တန်ဖိုးထားမြတ်နိုးကြသည့် ပြည်ထောင်စု ဖွား တိုင်းရင်းသားများအားလုံးက မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လ၊ ရဲစွမ်းသတ္တိ၊ မျိုးချစ်စိတ် ဓာတ်အပြည့်ဖြင့် တပ်မတော်နှင့်အတူလက်တွဲပြီး နယ်ချဲ့ကိုလိုနီများကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်တွန်းလှန်ခဲ့ကြကြောင်း၊ စုစည်းညီညွတ်မှုစွမ်းအားကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ (၄) ရက်နေ့တွင် လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ အလယ်တွင်ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်းကိုလိုနီ နယ်ချဲ့တို့၏အမွေဆိုးနှင့် ပြည်တွင်းပြည်ပပယောဂများကြောင့် ပဋိပက္ခများနှင့်အတူ မိမိ တို့နိုင်ငံသည် ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှု အားနည်းနေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေးရင်းနှီးပေးဆပ်ပြီး လက်ဆင့်ကမ်း ခဲ့သည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လွတ်လပ်ရေး အစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရုံသာမကဘဲ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ မျှော်မှန်းချက်များနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင် ရေးကိုလည်း အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေးကိုရှေးရှုပြီး  လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ် အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက် သွားမည်” ဆိုသည့်အချက်အပါအဝင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ထားကြောင်း၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး” အပါအဝင် ဦးတည်ချက် (၉)ရပ်ကိုလည်း နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်ကစပြီး တစိုက်မတ်မတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တိုင်းပြည်သာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ကိုလည်း ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏အင်အားသည် အဓိကကျပြီး အားလုံးပူးပေါင်းပါဝင်မှုသည် အရေးကြီး ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး တတ်စွမ်း သမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက် နိုင်ငံ့ အတွက် စွန့်လွှတ်စွန့်စား အကျိုးဆောင်သူများကို နိုင်ငံတော်၏ လွတ်လပ်ရေးနေ့နှင့် အခြားနေ့ထူးနေ့မြတ်အခါသမယများတွင် ထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာ တွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် များနှင့်အညီ ထူးခြားစွာအားထုတ်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင်ကမ္ဘာ့အဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန် စွာတတ်မြောက်သည့် ပုဂ္ဂိုလ်များအပေါ်တွင် လေးစားတန်ဖိုးထားသည့်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ်ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း။

ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွေနှင့်အညီ အဆင့်ဆင့် ထောက်ခံတင်ပြချက်များအပေါ်တွင် စနစ်တကျစိစစ်ရွေးချယ်ပြီး အမှန်တကယ် ဂုဏ်ပြု ချီးမြှင့် ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ခံ ပုဂ္ဂိုလ်များနဲ့ မိသားစုဝင်များအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလို ကြောင်း။

ယနေ့ကျင်းပသည့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့နှင့် အမျိုးသားအောင်ပွဲနေ့များတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ် သည့် စည်သူဘွဲ့ (၂)ဦး၊ သူရဘွဲ့ (၉) ဦး၊ သီရိပျံချီဘွဲ့ (၅) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၃) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၉၆) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၅) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး၊ စုစုပေါင်း(၁၂၂) ဦးကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်အခါသမယများတွင် မင်္ဂလာတရားတော်နှင့် အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျင့်သုံးခဲ့ကြသည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများကို နိုင်ငံတော်က ကျေးဇူး တုံ့ပြန်ခြင်းဖြစ်သဖြင့် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံညီညွတ်ကြောင်းလည်း ပြောကြားလို ကြောင်း။

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်စသည့် လုပ်ငန်းစဉ် များသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့် နက်ရှိုင်း ကြောင်း၊ ဥပမာအားဖြင့် တိုင်းပြည်သာယာဝပြောရေးလုပ်ငန်းစဉ်များထဲတွင် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံးအေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက် နိုင်ရေး စသည့်အချက်များစွာ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဦးတည်ချက် လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းတွင် ကဏ္ဍအလိုက် အသေးစိတ်ဖော်ဆောင် ရမည့် လုပ်ငန်းတာဝန်များ များစွာရှိနေကြောင်း။

ထို့ကြောင့် အဆိုပါလုပ်ငန်းစဉ်အားလုံး အချိန်တိုအတွင်းတွင် ထိရောက် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့် အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းမှာကြား လိုကြောင်း။

နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင် ရှိသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊  ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ပေးရခြင်းကို ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ဆက်လက်၍လည်း ဂုဏ်ပြုသင့်သူများကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က  ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁ ဦး၊ တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၈ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၃ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၇၈ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၃ ဦးနှင့်သိပ္ပကျော်စွာဘွဲ့ရရှိသူ ၂ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ နှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။