နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ခဲ့သည့် တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉

တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ် ပြီး နောင်တွင်လည်းဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်း ဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ် ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေသည် နိုင်ငံတော်၏ အရှေ့ဘက်ခြမ်း နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်များကို ထမ်းဆောင်နေရသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ လွတ်လပ် ရေးနှင့်အတူ မွေးဖွားခဲ့သည့် တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းပဋိပက္ခနှိမ်နင်းရေး တာဝန်များကိုခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကိုလည်း အစဉ်တစိုက်ကာကွယ် စောင့်ရှောက်ခဲ့သည်ကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ တပ်မတော်၏ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ဖြစ်စေ ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သား တည်းဖြစ်အောင်လုပ်ဆောင်၍ ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်တို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မွန်မြတ်ပြီးကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့စဉ်တွင်လည်း တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာနှင့် အထောက် အကူပြုဆေးဝါးလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ဆေးရုံ တက်ရောက်ကုသမှုခံယူနေရသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရ ဖြည့်စွက်စာများလှူဒါန်းခြင်းနှင့် အထွေထွေလိုအပ်ချက်များ ဖြည့်ဆည်းပေး ခြင်းတို့ကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး ယခုထက်ထိလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလ ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကိုသာ ဦးစား ပေးလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အစိုးရနှင့် အတွဲညီညီဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အပြီးတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက် လာခဲ့ပြီး ၅ နှစ်တာကာလအုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်မှဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုထောက်ပြခဲ့သော်လည်း စစ်ဘက်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ ကြောင်း။
လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းကြီးမားစွာ မှားယွင်းမှု များကို စိစစ်တွေ့ရှိရပြီး နိုင်ငံရေးအရအရေးပေါ်ကြေညာတာဝန်ယူခဲ့ရခြင်းဖြစ်သဖြင့် အခြေခံဥပဒေ အတိုင်းသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ ဥပဒေပြဌာန်း ချက်များကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း တိုင်းပြည်နှင့် ပြည်သူကို အကာ အကွယ်ပေးထားသည့် ကောင်းမွန်သည့် အချက်များစွာလည်းပါရှိကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကိုထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေး အရ လုပ်ဆောင်ရမည့်အချက် (၁)ချက်နှင့် နိုင်ငံရေးအရလုပ်ဆောင်ရမည့်အချက်(၂)ချက် ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်ရမည့်လုပ်ငန်းမှာ တိုင်းပြည် သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရလုပ်ဆောင်ရမည့် လုပ်ငန်း စဉ်(၂)ခုမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ပင်ဖြစ်ကြောင်း၊ အထက်ပါ အချက် ၃ ချက်ကို တို့တာဝန်အရေးသုံးပါးကဲ့သို့ပင် ခံယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်မကိုဗဟိုပြု၍ တိုင်းရင်းသား ဒေသ များဖြင့် ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကိုအခြေခံသည့်၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့်သုံး နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်းဆောင်ရွက်မှသာလျင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သဖြင့် စွမ်း ရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်း ဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများ နှင့်အတူ အေးအတူပူအမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ စီမံခန့်ခွဲမှုကောင်းစွာဖြင့် မိမိအလုပ်ကိုစေတနာထား ၍ မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းမွန်သည့် အကျိုးအမြတ်များရရှိ နိုင်မည်ဖြစ်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။
တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မှမပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့်တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန် ထမ်းဆောင်ရန်နှင့် တပ်မတော်သားတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ် ကြောင်း၊ နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းတာဝန်များသည် တစ်ဦးချင်း၏ ပင်ကိုယ်အရည်အသွေးများကို မြှင့်တင်ပေးနေခြင်းဖြစ်သဖြင့် မိမိတို့၏ ထိုးထွင်း ကြံဆမှု ဖြင့် ကြုံတွေ့လာရသည့်အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ်မြှော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ အသုံးချ နိုင်ရေးအတွက် အသိပညာနှင့် ပြည်စုံရန်လိုအပ်သည့်အတွက် မိမိတို့၏ အားလပ်ချိန် များတွင် အကျိုးရှိစေမည့် စာအုပ်စာပေများကို ဖတ်မှတ်ကြရန်လိုကြောင်း၊ ထို့ပြင် လုံခြုံရေးသတိ၊ လုံခြုံရေးသတိ အမြဲထားရှိပြီး ကာကွယ်ရေးအမြင်ရှိနေရမည်ဖြစ် ကြောင်း။

ပညာရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိရေး မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားမှုရှိစေရေးအတွက်လည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအရ ကျောင်းများပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များကို ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ်လေ့လာနေစေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အသိပညာ ဗဟုသုတနောက်ကျမကျန်ခဲ့ရစေရေးအတွက် တပ်မတော်ပိုင်စာပေထုတ်လုပ်ရေးလုပ်ငန်းများမှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတရသ စာအုပ်စာပေများကို ထုတ်ဝေ၍ တပ်ဌာနချုပ်အသီးသီးသို့ ဖြန့်ဝေပေးလျက်ရှိ ကြောင်း၊ လူတစ်ဦး၏ စာဖတ်အားသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အပံ့ပေးနိုင်သည်ဖြစ်သဖြင့် စာဖတ်ကြစေလိုပြီး မိမိတို့၏ ကလေးငယ်များကို လည်း ပညာရေးလမ်းကြောင်းမှ သွေဖီမသွားစေရေး ကြပ်မတ်ထိန်းသိမ်းရမည်ဖြစ် ကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ လျော့ကျ လာပြီဖြစ်သော်လည်း စည်းကမ်းတင်းကြပ်မှုများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု သိသာစွာ ကျဆင်းလာသည်အထိ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပညာ ရည်မြှင့်တင်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း အထိ ထိုးနှံပြီးစီးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့် မကျန်းမမာဖြစ်နေ၍ မရ သည့်အတွက် ကျန်းမာကြံ့ခိုင်ရေး၊ ကိုယ်ခံအားကောင်းမွန်ရေးအတွက် သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုမည်ဖြစ်သကဲ့သို့ အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မှုတသည့် နေထိုင်စားသောက်မှုဖြစ်စေရန် မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက် များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူး ကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီး က လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ အား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။