အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီ – ၁၇
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက် ရောက်ကြသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူ ဆောင်ရွက်ချိန်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည် ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်ကြောင်း၊ ဦးတည်ချက်(၉) ရပ်သည်မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်အနှစ်ချုပ် ပင်ဖြစ်ကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်ရန် လိုကြောင်း။
နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခြင်း သည် အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ် ဆောင်ရွက်ထားခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့မည်မျှအကောင်အထည်ဖော်နိုင်ခဲ့သည်ကို ဝန်ကြီးဌာနအလိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သုံးသပ်ကြည့်စေလို ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ခေတ္တ ဝင်ရောက်တာဝန်ယူရသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြ ကြောင်း၊ထို့ကြောင့်မိမိတို့အနေဖြင့်လည်း နောက်တွင်မကျန်ခဲ့စေရန်အတွက် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လို
နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်း အမြစ်များရရှိစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် KG + 9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း (Agro Base Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွား နှင့် ပြည်သူတို့၏လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျ စိုက်ပျိုးမွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး သို့ သွားရန်လိုကြောင်း၊ ၎င်းအတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုကျွမ်းကျင်မှုရှိသည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှု အတတ် ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်လည်း လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ယွန်းအတတ်ပညာကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အတတ် ပညာများကို တက်မြောက်သည့် ယွန်းအတတ်ပညာရှင်များလည်း စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက်အခြေခံလိုအပ်သည့် အသိ ပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အား ပညာသင်ထောက်ပံ့စရိတ်များကိုလည်း ထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေး တက္ကသိုလ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက် လျက်ရှိကြောင်း။
ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လို
ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေရာခိုင်နှုန်းများ လျော့နည်း နေသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းမှုရှိသည့် မြို့နယ်တိုင်းတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားစေရေး ဆောင်ရွက်သွားရန်လို ကြောင်း။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် စာသင်ကျောင်းများ၏ ဥပဓိရုပ်များကောင်းမွန် ရေးနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်များရရှိစေရေး ရရှိထားသည့်ဘွဲ့များအလိုက် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုရန်၊ ချီးမြှင့် ပေးရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လို ကြောင်း၊ လူငယ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်အတွင်း ကျောင်းပေါင်းစုံအားကစားပွဲ များ၊ အမျိုးသားအားကစားပွဲတော်နှင့် တပ်မတော်အားကစားပွဲများကျင်းပပြုလုပ်ခဲ့ ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းသည် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေ ရေး၊ အားကစားကိုမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက် နေကြစေလိုကြောင်း။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ
ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတ သည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်း လုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်း အတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်း ပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလို ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို အရည် အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့်အတွက် ဈေးကွက်ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်
မိမိအနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ နှင့် ပြင်ဦးလွင်ဒေသတို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အားရကျေနပ်ဖွယ်ကောင်းသည်ကို တွေ့ခဲ့ရကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ယခင်ထက်ပိုမိုထုတ်လုပ်လာနိုင်သည်ကို တွေ့ရှိရပြီး ထုပ်ပိုးမှုပိုင်းနှင့် အရည်အသွေးပိုင်းများသည်လည်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့်ကုန်ချောပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားရှိသည့် ထုတ်ကုန် ပစ္စည်းများ ကုန်ကြမ်းမပြတ်ရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ဝါ၊ ဝါး၊ ရာဘာ၊ ကော်ဖီ တို့နှင့်ပတ်သက်၍ MSME လုပ်ငန်းများတွင် ထိ ထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန် ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့်ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းသင့်တင့်ရန်နှင့်ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက် မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် လည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီး ဖြစ်သဖြင့် ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ် ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းသည့် နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း၊ ဒေသတွင်းနေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် မည်ဆိုပါက အသားငါးများ ဈေးနှုန်းကြီးမြင့်မှုကို တက်နိုင်သမျှ ထိန်းညှိပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ယူဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်မှအရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ရှိသည်ဖြစ်သဖြင့် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေး၍ စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက် သွားကြရန်လိုကြောင်း။
ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လို
ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟု မူဝါဒ ချမှတ် ပေးထားပြီးဖြစ်သော်လည်း အချို့သောဆေးရုံများ၌ ဆရာဝန်များ မရှိကြောင်း သိရှိရ သဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် စိစစ်ဆောင်ရွက်တင်ပြသွားရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများကို လျှော့ချဆောင်ရွက်သွားမည်ဆိုပါက တစ်ဦး ချင်းစီ၊ မိသားစုတစ်စုချင်းစီအတွက် အကျိုးရှိစေနိုင်သည်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့်နိုင်ငံ၏အကျိုးနှင့်ပတ်သက်ပါက ပြောသင့်ပြောထိုက်သည်များကို မဖြစ်မနေပြောဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို တွန်းတွန်းတိုက်တိုက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ရည်မှန်း ချက်များကို ခိုင်ခိုင်မာမာဖြင့် ရပ်တည်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြား သည်။
အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ဧကလျာထား မှုနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ထားမှု အခြေ အနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ကြားသင်ယူမှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု ပိုမိုလွှမ်းခြုံနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသားငါးကဏ္ဍ ဖူလုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုံများ တိုးတက်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကောက်ခံရရှိမှု အခြေ အနေများ၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားငွေရရှိမှု အခြေအနေများ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် သုံးစွဲမှုအခြေနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်ချေးငွေများ ထုတ်ချေးပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ အဝေးသင်ပညာရေး သည် နိုင်ငံတကာတွင်လည်းအောင်မြင်နေသည့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယခင်က လည်းအရေးပေးဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအဝေးသင်ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်မှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းတွင် စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရာဘာနှင့် ကော်ဖီ တို့ကို အရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရေး ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရာဘာနှင့်ပတ်သက် ၍ မိမိတို့နိုင်ငံတွင်ကုန်ကြမ်းများ အလုံအလောက်ထွက်ရှိပြီးဖြစ်သဖြင့် နည်းပညာနှင့် အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြု သည့် တာယာနှင့် ကျွတ်များ အများအပြား ထုတ်လုပ်နိုင်ရေးအားပေးဆောင်ရွက် မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လည်း အရည်အသွေးမြင့် ရာဘာထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင် ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင် ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေ တင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင် ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ် ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက် များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက် ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေး အတွက် မိမိတို့အနေဖြင့်မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှ သာလျင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လာမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကိုရုတ်သိမ်းလိုက်သည်။