“(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ဂုဏ်ပြုဗီဒီယိုမိန့်ခွန်း

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)

အားလုံး မင်္ဂလာပါ။

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ ကို တက်ရောက်လာကြတဲ့ ဧည့်သည် တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ကျင်းပလာခဲ့တာ ယခုအခါ (၅၃)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်မှာ ပထမအကြိမ်ညီလာခံကို စတင်ကျင်းပနိုင်ခဲ့ ပါတယ်။ ညီလာခံစတင်ကျင်းပခဲ့တဲ့နှစ်တွေမှာ သုတေသနစာတမ်း တွေကိုသာ တင်သွင်းဖတ်ကြားနိုင်ခဲ့ရာက ၁၉၉၁ ခုနှစ်မှာ ပြုလုပ်တဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကစပြီး သုတေသနပိုစတာပြပွဲကို ထည့်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၀၂ ခုနှစ် ညီလာခံက စတင်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲတွေကိုပါ ထည့်သွင်းပြီး ပိုမိုအကျိုးရှိထိရောက်အောင် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပလာခဲ့ ကြောင်း သိရှိရပါတယ်။

ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကနေ ပေါ်ထွက် လာတဲ့ ခိုင်မာတိကျတဲ့ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်တွေ ဟာ နိုင်ငံအတွက်ခေတ်နဲ့အညီသင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေချမှတ်နိုင်ဖို့ ကျန်းမာရေးလုပ်ငန်းတွေ ပိုမိုထိရောက်အကျိုး ရှိအောင် ဆောင်ရွက်နိုင်စေဖို့၊ လူတိုင်းလက်လှမ်းမီတဲ့ အရည် အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့ စတဲ့လုပ်ငန်းစဉ် ကြီးတွေ ဖော်ဆောင်ရာမှာ များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

ယခု (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံရဲ့ဆောင်ပုဒ် (Congress Theme) က ကျန်းမာသောဘဝ ပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများ စဉ်ဆက်မပြတ် ဖော်ထုတ် ဖြေရှင်းကြပါစို့ – Moving forward to a healthy lifestyle and addressing health risk behaviors” ဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေမှာ မကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အရေးကြီး လာပုံကို မီးမောင်းထိုးပြနိုင်ဖို့ ရည်ရွယ်ပြီး ညီလာခံဆောင်ပုဒ်ကို ရွေးချယ်ခဲ့တာလို့လည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခြားဝန်ကြီးဌာနအသီးသီးနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်မှာ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ယခုအချိန်မှာ ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်တဲ့ရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ မကူးစက်တတ်တဲ့ရောဂါတွေရဲ့ ဖြစ်ပွားနိုင်ခြေကို စစ်တမ်းကောက် လေ့လာခြင်းသုတေသန – ၂၀၂၄ ကို (STEP SURVEY) နဲ့ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။

အထူးသဖြင့် မိမိတို့ပြည်သူတွေ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ကြဖို့ လိုအပ်ပါတယ်။ အဲဒီလို နေထိုင်နိုင်ဖို့ အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ တွေကို ရွေးချယ်စားသုံးနိုင်ရေး၊ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင် ပြုမူရေး စတာတွေနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေး သုတေသနတွေကို တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်တွေကို ပြည်သူတွေသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြီး အသိပညာ ပေးရမှာ ဖြစ်ပါတယ်။

တိုင်းရင်းဆေးပညာနဲ့ပတ်သက်ပြီးတော့လည်း လက်တွေ့အသုံးချ သုတေသနတွေကတစ်ဆင့် ပြည်သူတွေ လက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တိကျမှန်ကန်တဲ့ သုတေသနရလဒ်တွေအပေါ် မူတည်ပြီး ကျန်းမာရေးစီမံချက်တွေကို ချမှတ်ဆုံးဖြတ်ရခြင်းနဲ့ ရလဒ်အခြေပြု မူဝါဒများ ရေးဆွဲခြင်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့်သုတေသနတွေကိုဆောင်ရွက်နေကြတဲ့ သုတေသီများ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ သုတေသနရလဒ်တွေရဲ့ အရေးပါပုံကို သေချာစွာသိရှိနားလည်ပြီး သုတေသနကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလည်း အမြဲမပြတ်သတိပြု ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသန ပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့စိတ်ရှိတဲ့ လူငယ်လူရွယ် တွေ ပညာရှင်တွေ များစွာပေါ်ထွက်လာအောင် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ကျင့်ဝတ်နဲ့အညီ သုတေသန ပြုလိုစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ မိမိတို့နိုင်ငံမှာ များစွာပေါ်ပေါက်လာပြီး သုတေသန ဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်တစ်ခု တိုးတက်ဖြစ်ထွန်းရှင်သန်လာ စေဖို့ ဆောင်ရွက်ရာမှာ သုတေသနဆိုင်ရာ အကြံပေးအဖွဲ့များ ကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းခြင်း၊ သုတေသနကျင့်ဝတ် ဆိုင်ရာဘုတ်အဖွဲ့များကိုလည်း လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းခြင်း တွေကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယခုညီလာခံကြီးကို ပေးပို့လာတဲ့ သုတေသနစာတမ်းတွေကို ညီလာခံမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေး     ဆပ်ကော်မတီက အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသန စာတမ်း၊ လူမှုရေးနဲ့ ကျန်းမာရေးစနစ်သုတေသန စာတမ်းဆိုပြီး စနစ်တကျ အမျိုးအစား ခွဲခြားသတ်မှတ် စိစစ်ရွေးချယ်ဆောင်ရွက် ထားကြောင်းနဲ့ သုတေသနစာတမ်း (၅၄)စောင်နဲ့ ပိုစတာ (၄၃)စောင်ကို ဖတ်ကြားပြသဖို့  စီစဉ်ဆောင်ရွက်ထားတာကို သိရှိရပါတယ်။

       ဒီညီလာခံကို တင်သွင်းလာတဲ့ စာတမ်းနဲ့ ပိုစတာတွေထဲက အကောင်းဆုံးစာတမ်းနဲ့ ပိုစတာတွေကို ဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်အမှတ်ပေးရွေးချယ်ပြီး ဆုများထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်ဂုဏ်ပြုဖို့ အစီအစဉ်များရှိကြောင်း သိရှိရပါတယ်။

        နိဂုံးချုပ်အနေနဲ့ –

  • ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့် အတန်း ယခုထက် ပိုမိုမြင့်မားလာစေရေး၊ အခြေခံကျန်းမာရေး ကောင်းမွန်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကူးစက်ရောဂါများနဲ့ မကူးစက်တတ်တဲ့ ရောဂါများရဲ့ ဖြစ်ပွား တတ်တဲ့ သဘောသဘာဝကိုသိရှိပြီး ကြိုတင်ကာကွယ်ကြနိုင်ရေး တို့အတွက် လက်တွေ့အသုံးချ သုတေသနများ၊ တိုင်းရင်းဆေးပညာ ဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားကြပါ။
  • သုတေသနတွေက တွေ့ရှိရတဲ့ အချက်အလက်များကိုလည်း ယခုလို ညီလာခံများကျင်းပခြင်း၊ သုတေသနဂျာနယ်များ၊ စာစောင် များထုတ်ဝေခြင်း စတဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြပါ။
  • အလားတူ ပြည်သူတွေအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက် ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာဘေးကင်းလုံခြုံ စိတ်ချရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံအုပ်ချုပ်မှု ဆိုင်ရာ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေးကြပါ။
  • ကျန်းမာရေးသုတေသနလုပ်ငန်းတွေကတစ်ဆင့် မိမိတို့နိုင်ငံနဲ့ သင့်တော်မယ့် ကျန်းမာရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီတဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးကိုယ်စီရရှိနိုင်ရေးနဲ့ မိမိတို့ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မား လာစေရေးအတွက် ဆောင်ရွက်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းရင်းနိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။