နေပြည်တော်၊ ဇန်နဝါရီ – ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်မ၌ ကျောင်းအုပ်ကြီး က တပ်သမိုင်းအကျဉ်း၊ သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးရာ၌ စာပေပိုင်း ဆိုင်ရာများကို အမှန်တကယ်သိရှိနားလည်မှုရှိအောင် သင်ကြားပေးရမည်ဖြစ်သကဲ့သို့ လက်တွေ့လေ့ကျင့်မှုများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် အသက်အရွယ် အဆင့်အလိုက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းများအတိုင်း ပြည့်မီအောင်လေ့ကျင့် ပေးရန်လိုကြောင်း၊ ခေတ်နှင့် အညီပြောင်းလဲတိုးတက်လာသည့် စစ်နည်းဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများ၊ စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် သုတေသနပြု လေ့လာ၍ သင်ခန်းစာများ တိုးချဲ့သင်ကြားပို့ချပေးသွားရန်လိုကြောင်း၊ အရည်အချင်း ပြည့်ဝပြီး လက်တွေ့နယ်ပယ်တွင် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရေး သင်တန်းသားများကို စနစ်တကျလေ့ကျင့် မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းကျောင်းရှိ ပြခန်းများနှင့် စာသင်ခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ရေးဌာန၌ သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ လေ့ကျင့်ရေးပိုင်းဆိုင် ရာများနှင့် ပတ်သက်၍ ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာ များသည် အဆက်မပြတ်တိုးတက်လျက်ရှိကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာ များကို အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်း နာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ် ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နည်းပညာကိုအသုံးပြု၍ အင်တာနက်စာမျက်နှာများနှင့် စာအုပ်စာပေများမှ မိမိတို့ဘဝတိုးတက်ရေးအတွက် လို အပ်သည့် အချက်အလက်များနှင့် ဗဟုသုတများကို ရှာဖွေလေ့လာဆောင်ရွက်မည် ဆိုပါက တစ်ဦးချင်း၏စွမ်းရည်များသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဖတ်ရှု လေ့လာမှတ်သားခြင်းသည် လုပ်ငန်းတစ်ခုကျွမ်းကျင်ရေးအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ ဖတ်ရှုလေ့လာမှတ်သားထားမှုများနှင့် အတွေ့ အကြုံများကို အပြန်အလှန်ဆက်စပ်နှိုင်းယှဉ်၍ သင်ခန်းစာဖော်ထုတ်သွားရန်လို ကြောင်း။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အုပ်ချုပ်သူများအနေဖြင့် မိမိတို့ကွပ်ကဲ နေရသူများကို စနစ်တကျကွပ်ကဲကြပ်မတ်နေရန်လိုသကဲ့သို့ ၎င်းတို့၏ သက်သာ ချောင်ချိရေးအတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို ကြောင်း၊ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် ဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး လက်အောက်၏ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်း မွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် လည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပြီး အတန်းပညာ တက်မြောက်မှသာလျင် အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် ပညာရေးသင်တန်းကျောင်းများ ဖွင့်လှစ်၍ မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်မတော်သား မိသားစုဝင် သားသမီး များ၏ ပညာရေးကို အမြဲမပြတ်အားပေးလျက်ရှိပြီး ထူးချွန်စွာအောင်မြင်သူများကို လည်း ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေး သည့် သက်သာချောင်ချိမှုရှိသကဲ့သို့ မိမိတို့တစ်ဦးချင်းအလိုက် မလိုလားအပ်သည့် အသောက်အစားအပျော်အပါးများကို လျှော့ချခြင်းဖြင့်လည်း ငွေကြေးကုန်ကျမှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကာ သက်သာချောင်ချိမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိ တို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိကြစေလိုကြောင်း၊ သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားပြီး တပ်ပိုင် စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံခန့်ခွဲသည့် ခေါင်းဆောင်အသီးသီးမှစနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် လက်အောက်မှလည်း စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုကြောင်း။
တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်မတော် သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေး အပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိသကဲ့သို့ မိသားစုများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာတပ်များအလိုက် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများ အားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သဖြင့် အများသူငှာလုပ်ဆောင်နိုင်ရန်ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုး ထားကြရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ် လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုကြောင်း။
စည်းကမ်းဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက် တွန်းခြင်းနှင့် မဖြစ်သင့်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်တွင် ထုတ်ပြန်ထားသည့်စည်းကမ်းများကို လိုက်နာ၍ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ပတ်ဝန်းကျင်တွင် စိတ်လက်ပျော်ရွှင်စွာဖြင့် တာဝန်များကိုကျေပွန်စွာဖြင့် ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ မကြာမီတွင် စာမေးပွဲဖြေဆိုသည့်ကာလသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြင့် ဖြေဆို နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နွေရာသီကျောင်းပိတ် ရက်များတွင်လည်း လူငယ်နှင့်ပတ်သက်သည့်သင်တန်းများ၊ အမျိုးသားရေး စရိုက် လက္ခဏာကိုတိုးမြင့်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည့် သင်တန်းများ၊ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ် သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို) သို့ ရောက်ရှိကြပြီး အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူ တကွ သုံးဆောင်ကြသည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့် ရေးတပ်(တောင်ညို)တပ်မှူး က တပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ နေ့စဉ်ပြည်တွင်း၊ ပြည်ပသတင်းများ အပါအဝင် အခြားသော ဗဟုသုတဖြစ်ဖွယ်၊ စိတ်ဝင်စားဖွယ် အစီအစဉ်များစွာကို ထုတ်လွှင့်ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှထုတ်လွှင့်နေမှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့ ရုပ်သံထုတ်လွှင့်မှုများ၏ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Professional ဖြစ်ရန်နှင့် မိမိတို့၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထုတ်လွှင့်သည့်အစီအစဉ်များသည် လူအများစိတ်ဝင်စားသည့် အစီအစဉ်များဖြစ်ရန်လိုကြောင်း၊ လူကြီး၊ လူငယ်များ အသက်အရွယ်အလိုက် ကြိုက်နှစ်သက်သည့် အစီအစဉ်များ၊ တေးသီချင်းများ ထုတ် လွှင့်နိုင်ရန်လိုကြောင်း။
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်း တစ်ခု ပင်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ်ချက်မှာ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံးရန်”ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန်ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနှင့် ပညာပေးခြင်း တို့ကို ဆောင်ရွက်မှုသည် စည်းရုံးရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်အောင် ဆောင် ရွက်ရန်လိုကြောင်း၊ မိမိတို့ မသိရှိသေးသည့် အကြောင်းအရာနှင့် အသိပညာ ဗဟုသုတ များကို ထုတ်လွှင့်ပေးခြင်းသည် ပညာပေးခြင်းပင်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေး အသိပညာပေးခြင်းသည်လည်း အရေးကြီးသဖြင့် ကျန်းမာရေးအသိပညာပေး အစီ အစဉ်များကို အလေးထားထုတ်လွှင့်ပေးရန်လိုပြီး အရွယ်သုံးပါးစလုံး သာမန်အားဖြင့် နားလည်နိုင်သည့် အစီအစဉ်များဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ပညာပေးအစီအစဉ်များကိုလည်း လူအများနားလည်အောင်ရိုက်ကူး ထုတ်လွှင့်ပေးရန် လိုကြောင်း၊ ပေးအပ်ထားသည့်ရည်မှန်းချက် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင် နိုင်ရန်အတွက် အသေးစိတ်မှအစ တစ်ခုချင်းစီအား စနစ်တကျဆောင်ရွက်ရန်လို ကြောင်း၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို) အတွင်းလှည့်လည်၍ ကျန်းမာရေးအသိပညာပေးအစီအစဉ်သရုပ်ပြရိုက်ကူးမှု၊ သတင်း ဖတ်ကြားထုတ်လွှင့်မှု သရုပ်ပြရိုက်ကူးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနအလိုက်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုပ်သံပြတိုက် တည်ဆောက်ရန် မြေနေရာလျာထားမှုအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားရာတွင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံ များရှိပြီးဖြစ်ကြောင်း၊ ယခုထက် ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုခေတ် သည် နည်းပညာခေတ်၊ AI ခေတ်သို့ရောက်ရှိနေပြီဖြစ်ပြီး တိုးတက်ပြောင်းလဲနေ သည့်ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အမြဲတမ်းလေ့လာ ဆောင်ရွက်နေရန် လိုကြောင်း။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူသားတိုင်းသည် တိုးတက်ဖွံ့ဖြိုးမှုကိုလိုလားကြပြီး အမြဲမပြတ်ကြိုးစားအားထုတ်၍ ရှေ့သို့ချီတက်နေကြကြောင်း၊ မိမိတို့အနေဖြင့်လည်း “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့်ဆောင်ပုဒ်အတိုင်း တစ်ဦးချင်း၏လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင် ရွက်နေရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုများနှင့် လေ့လာမှုများကို အမြဲမပြတ် ဆောင်ရွက်ခြင်း၊ မိမိလုပ်ဆောင်ထားသည့် လုပ်ငန်းများကို ပြန်လည်ဆန်းစစ်၍ အား သာချက်၊ အားနည်းချက်များကိုဖော်ထုတ်ခြင်းတို့ဖြင့် လုပ်ငန်းများတိုးတက်စေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လေ့လာခြင်းကို အသားကျဖြစ်စေရေး အလေ့အကျင့် ပြုလုပ်နေရန်လိုပြီး ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ် ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများကို အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက် သွားရန်လိုပြီး အသိအမြင်ကောင်းများ၊ အများပြည်သူသိရှိရန်လိုအပ်သည်များကို ထုတ်လွှင့်ပေးခြင်းဖြင့် နိုင်ငံ့အကျိုးပြုတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများကို အမြဲမပြတ်လေ့လာဖတ်ရှု၍ ပြန်လည်ဝေမျှ ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်မြင်သံကြားထုတ်လွှင့်ရာတွင် အသံနှင့် အရုပ်နှစ်မျိုးရှိကြောင်း၊ အသံနှင့်ပတ်သက်၍ အသံများ မှန်ရန်လိုသကဲ့သို့ ရုပ်အနေ အထားသည်လည်း တည်ကြည်သည့် အနေအထားတွင် ရှိရန်နှင့် ပျော့ပြောင်းသည့် အနေအထားရှိစေရေး သတိထားရန်လိုကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့်ညီညွတ်မျှတ သည့် သွားလာနေထိုင်မှုများလည်းရှိရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူရသည့်လုပ်ငန်း ရပ်များအလိုက် မည်ကဲ့သို့ကောင်းအောင် ဆောင်ရွက်၍ရနိုင်မည်ကို ဆန်းစစ်လေ့လာ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရပ်ကြီးတစ်ခုလုံးတိုးတက်အောင် ဆောင်ရွက်သွားရန်လို ကြောင်းဖြင့် ပြောကြားပြီး တပ်တည်ဆောက်ရေးလုပ်ငန်းရပ်များဖြစ်သည့် “လေ့ကျင့် ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ်” တို့နှင့်ပတ်သက်၍ အကျယ် တဝင့် ရှင်းလင်းမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (တောင်ညို) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်မှူးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)တွင် တာဝန် ထမ်းဆောင်လျက်ရှိသည် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်မှူးက လက်ခံရယူခဲ့သည်။