ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျား-
ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးအနက် ဧရိယာ အကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအများဆုံး မှီတင်းနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်းဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်း ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ဝ ၊ ထနော့၊ ကိုးကန့်၊ လားဟူ၊ ယင်းနက်၊ ယင်းကြား၊ မြောင်ဇီး၊ အာခါ စသည့် ရှမ်းမျိုးနွယ်စုများနှင့် အတူ ကချင်၊ ကယား၊ လီဆူ စသည့် တိုင်းရင်းသား များသည် ကာလရှည်ကြာ အတူယှဉ်တွဲစုပေါင်း နေထိုင်ခဲ့ကြခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့သည့် အစဉ်အလာကောင်းပင်ဖြစ်ပါသည်။
သမိုင်းကြောင်းဖြစ်တည်မှုအရ မြန်မာနိုင်ငံ၏ ကျောက်ခေတ်နှောင်းကာလနှင့် မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့သည့် ကာလယဉ်ကျေးမှု အထောက်အထားများကို ရှမ်းပြည်နယ်တွင် တွေ့ရှိရမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားတို့၏ ဘာသာစကား အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အမွေအနှစ်နှင့် သုခုမအနုပညာအမွေအနှစ် တို့သည် ပြည်ထောင်စုတစ်ဝန်းလုံး၏ ယဉ်ကျေးမှုအနုပညာကဏ္ဍတွင် တစ်ဆက်တစ်စပ်တည်း ရောနှောပါဝင်လျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြခြင်း၏ ဂုဏ်ယူ မှတ်သားဖွယ်ရာ ပြယုဂ်တစ်ခုလည်းဖြစ်ပါသည်။
နယ်ချဲ့ဗြိတိသျှတို့၏ (၃)ကြိမ်တိုင်တိုင် စစ်ပြုကျူးကျော်ခြင်းကို ခံရစဉ်ကလည်း ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ ရွပ်ရွပ်ချွံချွံပူးပေါင်း တွန်းလှန်ခဲ့ကြပါသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဥမကွဲသိုက်မပျက်၊ တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် လက်တွဲခဲ့ကြသည့် အစဉ်အလာသည် ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားတို့အတွက် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
မြန်မာနိုင်ငံကို ဗြိတိသျှတို့ နယ်ချဲ့သိမ်းပိုက်ပြီးသည်မှစ၍ ယခင်က မခွဲမခြား၊ မကွဲမပြား နေထိုင်ခဲ့ကြသည့် တောင်တန်းဒေသနှင့် မြေပြန့် ဒေသကိုနယ်ချဲ့တို့က နည်းပရိယာယ်မျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံအား မတတ်သာ၍ လွတ်လပ်ရေး ပေးခဲ့ရလျှင်ပင် တောင်တန်းဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲ အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ယင်းကြိုးပမ်းမှုကို ချေဖျက်နိုင်ရန်အတွက် ရှမ်းပြည်ပဒေသရာဇ် ကောင်စီဝင်စော်ဘွားများနှင့် ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ လူထုကိုယ်စားလှယ်များက ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ(၇)ရက် နေ့တွင် လူထုကိုယ်စားလှယ်(၇)ဦး၊ စော်ဘွားများ ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း (၁၄) ဦးပါဝင်သော ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခင်က နယ်ချဲ့တို့အလိုကျ လိုက်ပါဆောင်ရွက်ပေးခဲ့ရသော ရှမ်းပြည်ပဒေသရာဇ် ကောင်စီကိုဖျက်သိမ်းပေးရန် ဘုရင်ခံထံကြေးနန်းပေးပို့ အရေးဆိုခဲ့ကြပါသည်။ ရှမ်းပြည်ကောင်စီ အမှုဆောင်အဖွဲ့အနေဖြင့် ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
ဤသို့ မိမိတို့ ပြည်နယ်၊ နိုင်ငံအနာဂတ်အရေး အတွက် သဘောတူ ညီညွတ်မှုရရှိပြီး အရေးဆိုခဲ့ကြသည့် ဖေဖော်ဝါရီ (၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ဟူ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ ပင်လုံညီလာခံအစည်းအဝေးတွင် သတ်မှတ်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွားများနှင့် လူထုခေါင်းဆောင်များ၏ ညီညွတ်မှုကို အရင်းခံသော ဆုံးဖြတ်ချက်သည် သမိုင်းဝင်ပင်လုံစာချုပ်ကြီးနှင့် ပြည်ထောင်စုနေ့ ဖြစ်ပါ်လာရေးအတွက် ခိုင်မာသောအုတ်မြစ်ဖြစ်သည့် ဖေဖော်ဝါရီလ (၇)ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၇၈)နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးခရီးကို အထောက်အပံ့ကောင်းဖြင့် ဖြောင့်တန်းစေခဲ့သောကြောင့် တိုင်းရင်းသားများအတွက် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်လည်းဖြစ်ပါသည်။
ရှမ်းပြည်နယ်နေ့ ပေါ်ပေါက်လာရခြင်းသည် နယ်ချဲ့တို့၏သွေးခွဲ အုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့ကြသည့် သမိုင်းဖြစ်ရပ်ကြီးနှင့်တစ်ဆက် တစ်စပ်တည်းပင်ဖြစ်ပါသည်။ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အရေးကြီးသော ဆောင်ရွက်မှုကြီးဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုဖော်ပြနိုင်ခဲ့သည့် “ပြည်ထောင်စုနေ့” သမိုင်းဖြစ်ရပ်ကြီး၏ ခိုင်မာမြဲမြံသော ပန္နက်လည်းဖြစ်ပါသည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်း တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးကြီးပါသည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေး အတွက် ကြီးမားသော မောင်းနှင်အားတစ်ရပ်ဖြစ်သည့်အတွက်လည်း တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားကြ ရမည်ဖြစ်ပါသည်။ လက်နက်ကိုင် အဖွဲ့အစည်းများရှိသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ပါသည်။ မိမိတို့၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို များစွာတောင့်တလျက်ရှိကြသော ပြည်သူအားလုံး၏ ဆန္ဒကို ထည့်သွင်းစဉ်းစားကြရန် အသိပေးလိုပါသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိပါသည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါရှိသည့် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ် တည်ငြိမ်မှုဖြစ်စေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ပါသည်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက် အအုံများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီး နေရသည်မှာလည်း နိုင်ငံအင်အား လျော့နည်းလာခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရာတွင် လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ထပ်မံတိုက်တွန်းလိုပါသည်။
မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူ အားလုံးလိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းများဖြင့်သာ ဖြေရှင်းကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးခြင်းနည်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန် လာနိုင်မည်ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည် ကောင်းစွာ ရှင်သန်ရပ်တည်နေနိုင်ရန် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏လုပ်ကိုင် ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ရပ်တည်ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနှင့် မထိန်းသိမ်းနိုင်လျှင် နိုင်ငံ၏ အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံ ဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါသည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊သူတစ်ပါးလက်အောက်ခံ မဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ယခုအချိန်ကာလတွင် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့် ပြည်သူတို့ ခိုင်မြဲစွာလက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ရာ ပြည်သူများက ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များဖြင့် မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် တရားမျှတပြီး လွတ်လပ်သောရွေးကောက်ပွဲကြီး အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများ အနေဖြင့် ငြိမ်းချမ်းသာယာ အေးချမ်းပျော်ရွှင်စွာဖြင့် အသက်မွေးလိုသော ဆန္ဒရှိကြပါသည်။ ယင်းဆန္ဒပြည့်ဝရန်အတွက် အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးတို့ ပြည့်စုံရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသားအားလုံး အကျုံးဝင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည် ဖော်လျက်ရှိပါသည်။ စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမို ထွန်းကားလာရန်လိုအပ်သဖြင့် MSME လုပ်ငန်းများ အောင်မြင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် အခြေခံကောင်း၊ အစဉ်အလာကောင်းများ ရှိခဲ့သည့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအနေဖြင့် ပိုမိုကြိုးပမ်း အားထုတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး အတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာ ထူးချွန်ရန် လိုအပ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ တွေးခေါ်ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားရန်လည်း လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်ပြီး ပြည်ထောင်စုအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်ဒေသ၊ နယ်စပ်ဒေသများပါမကျန် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိအောင် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းလိုပါသည်။
ဗလငါးတန်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးသည်လည်း ထပ်တူထပ်မျှ အရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေး နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် လူငယ်များ အတွင်း ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာစေရေး အတွက် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း မှာကြားလိုပါသည်။
နိဂုံးချုပ်အနေဖြင့် အေးချမ်းသာယာသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးတို့ကို အုတ်မြစ်ချပေးနိုင်ခဲ့သည့် “ရှမ်းပြည်နယ်နေ့” အခါသမယတွင် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် ၁၉၄၇ ခုနှစ်က သန္ဓေတည်ဖြစ်ပွားခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံ၍ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်၊ တပ်မတော်နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မမင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ