နေပြည်တော်၊ ဖေဖော်ဝါရီ – ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ လောက သရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် လောကသရဖူဘုရားကြီးသို့ ရောက်ရှိကြပြီး အုတ်ပြဿာဒ် တော်အတွင်းရှိ လောကသရဖူရုပ်ပွားတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးအတွင်းအပြင်နှင့် လောကသရဖူ ရုပ် ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်ရာ အုတ်ပြဿာဒ်၏ အနောက်ဘက်ကပ်ရပ်တွင် တည်ထားပူဇော်သည့် မဟာလောကသင်းကျစ်စေတီတော်ကြီးတို့အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦများ ထိန်းသိမ်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လောကသရဖူဘုရားကြီးနှင့် မဟာလောကသင်းကျစ် စေတီတော်ကြီးတို့၏ သမိုင်းအကျဉ်းနှင့် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘုရားကြီး၏အတွင်းဘက်နံရံများပေါ်ရှိ မှန်စီရွှေချများသည် ခေတ်ကာလ ကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် မူလလက်ရာမပျက် ပြန် လည် မွမ်းမံသွားရန်လိုကြောင်း၊ ဘုရားကြီးရင်ပြင်တော်မျက်နှာပြင်ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ပြန်လည်သုတေ သန ပြု၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းသာသနိက အဆောက်အဦများ ကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားကြီး ပတ် လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက်ပြန်လည်ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်သွားရန်လိုပြီး ရှေးဟောင်းလက်ရာနှင့် ရှေးဟောင်းယဉ်ကျေး မှု အမူအကျင့်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘုရား ကြီးနှင့် သာသနိကအဆောက်အဦများအား နေ့ညမပျက် ဆီမီးပူဇော်နိုင်ရေးအတွက် လည်း ဆိုလာလျှပ်စစ်မီး ဆက်ကပ်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူ ပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
အဆိုပါ လောကသရဖူဘုရားကြီးအား ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်း ဆက် ၉ ဆက်မြောက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀၊ သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားပြီး မပြီးစီးမီနတ်စွာစံခဲ့သဖြင့် သားတော် မဟာ ဓမ္မရာဇာဓိပတိ ကြာသပတေးမင်း ဟံသာဝတီရောက်မင်းက အေဒီ ၁၇၃၃၊ သက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြဿာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့ ကြောင်း၊ လောကသရဖူရုပ်ပွားတော်ကြီးသည် တစ်တုံးတည်သော စကျင် ကျောက်သားကြီးကို မြေအောက်တစ်ဝက်၊ မြေပေါ်တစ်ဝက် စိုက်ထူထုဆစ်ပူဇော်ခဲ့ ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၁၈ တောင် ၁ မိုက်၊ တင်ပလင်ခွေတော်အကျယ် ၁၂ တောင် ၁ မိုက်ဖြစ်ပြီး အလေးချိန်အားဖြင့် ၄၉၀ ဒသမ ၃၆ တန်ဖြစ်ကြောင်း၊ လောက သရဖူရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်ရာ အုတ်ပြဿာဒ်၏ အနောက်ဘက် ကပ်ရပ်တွင် မဟာလောကသင်းကျစ်ဟူ၍ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ ကြောင်း၊ သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်တွင် ကုန်းဘောင်မင်းဆက်ဖြစ်သော စဉ့်ကူးမင်း က စေတီတော်ကို ငုံ၍ ထပ်မံတည်ဆောက်ပူဇော်ခဲ့ပြီး ဘိုးတော်ဘုရား၏ သားတော် ပခန်းမင်းသား ဟံသာဝတီမင်းနှင့် ပုဂံမင်းတို့ကလည်း ပြုပြင်ခဲ့ကြကြောင်း၊ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ကြီးလှုပ်ခဲ့သဖြင့် မဟာလောကသင်းကျစ်စေတီတော်နှင့် လောကသရဖူရုပ်ပွားတော်ကြီး စံပ္ပါယ်ရာ အုတ်ပြဿာဒ်တော်တို့ မြေခခဲ့ရပြီး မင်းတုန်းမင်းက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ ကြောင်း၊ လက်ရှိအခြေအနေအတိုင်း ဖူးတွေ့ရသည်မှာ စစ်ကိုင်းတောင်ရိုး ဒီပါအေးမြ ချောင် ဆရာတော် ဦးနန္ဒာသီရီ က သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေတ်အဆက်ဆက်တာဝန်ရှိသူများက ဆက်လက်မွမ်းမံပြုပြင်ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းဝမြို့ဟောင်းရှိ မြို့ရိုးနှင့် ကျုံးတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရေးနှင့် ကျုံးအား ရှေးမူမပြတ်မွမ်းမံ၍ ပြန်လည်ထိန်းသိမ်းရန်လိုအပ်မှုအခြေအနေများနှင့် ပတ် သက်၍ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားဦး-အင်းဝ လမ်းပိုင်းရှိ မဟာဇေယျပထ-မောင်အို တံတားနှင့် အုတ်လမ်း အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တံတား အား ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုး-အပြစ်များအား စနစ်တကျ သုတေသနပြုလုပ်၍ တင်ပြသွားရန်၊ မူလအုတ်လမ်းအား သုတေသနပြုလုပ်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီး လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။