၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော်  ဖေဖော်ဝါရီ   ၉

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ နှင့် ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း ဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိ သူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင်လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် ရုပ်ရှင် ဇာတ်ကားများ၊ ထူးချွန်ဆုရ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်း ဓာတ်ပုံများပြသထားရှိမှုများကို ကြည့်ရှုကြသည်။

ယင်းနောက်အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီ ကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနု ပညာရှင်များက “တိုးတက်အောင်မြင် မြန်မာ့ရုပ်ရှင်” တေးသီးချင်းကို “ကြယ်အက” ဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ် တင်ဆက်သည့် “ကြည်လင် သန့်စင် စီးမျောသက်ဝင် မြန်မာ့ရုပ်ရှင်”  မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားများသည် ယနေ့ဆိုပါက(၆၆)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆)ကြိမ်မြောက် ဝေမျှဖော်ကျူးပေးနိုင်သည့် မင်္ဂလာ အခမ်းအနားပင်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးကိုပြန်ကြည့်ပါက ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အောင်မြင် တိုးတက်ခဲ့သည့်ဂုဏ်ယူဖွယ် သမိုင်းအထောက် အထားများနှင့် ဖြတ်သန်းလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း ၁၀၅ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။

ထိုကဲ့သို့ နှစ်(၁၀၀)ကျော်ကာလ သမိုင်းမှတ်တမ်းများနှင့် လှုပ်ရှားသက်ဝင် နေသည့် မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးကြား၌ ပြည်သူများကို အပန်းဖြေ ပျော်ရွှင်စေပြီး ရသမျိုးစုံကို မျှဝေပေးနိုင်ခဲ့ရုံသာမက နိုင်ငံတော်၏အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ပကတိအခြေအနေများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြ အကျိုးပြုနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောရမည် ဖြစ်ကြောင်း။

ရုပ်ရှင်အပါအဝင် အနုပညာရှင်များသည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တွင် တိုင်းရင်းသားပြည်သူများ၏စိတ်ဓာတ်ကို တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေး ဇာတိမာန်တက်ကြွရေးနှင့် စည်းလုံး ညီညွတ်ရေးတို့အတွက် မိမိတို့တတ်စွမ်းထားသည့် အနုပညာနှင့်စည်းရုံးလှုံ့ဆော်ပေး ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနုပညာစွမ်း အားဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။

ယင်းတို့သည်နိုင်ငံအတွက် အကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း၊ ယနေ့အခြေအနေတွင် ထိုကဲ့သို့အကျိုးပြုခဲ့ သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများအနက် ယဉ်ကျေးမှုကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်ကို တွေ့မြင်ရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်း နေထိုင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ် စုံစုံလင်လင် ရှင်သန် တည်ရှိ နေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟူသည့် နယ်ပယ်နှစ်ခုနှင့် ခွဲခြားသိမြင် ထားကြကြောင်း၊ ခြုံ၍အဓိပ္ပာယ်ဖွင့်ရမည်ဆိုပါက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဟူသည်မှာ လူမျိုးတစ်မျိုး၏ ပြောဆိုသည့်ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနု ပညာနှင့် အနုသုခုမပညာများကို ပေါင်းခြုံထားသည့် ယဉ်ကျေးမှုပင်ဖြစ်ပြီး၊ ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်သည် လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ ရသည့် ပစ္စည်း အားလုံးဟု မှတ်ယူရမည်ဖြစ်ကြောင်း။

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မိမိတို့ နိုင်ငံ၏ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက်ယူနက်စကိုကို တင်ပြ ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့၏ တန်ဖိုးရှိသည့်ရှိပြီးသား အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် များအဖြစ် သမိုင်းမှတ်တမ်းထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းလုပ် ဆောင်ရမည် ဖြစ်သကဲ့သို့ အောင်မြင်မှုရရှိစေရေးအတွက်လည်း မြန်မာနိုင်ငံသူ/ နိုင်ငံသား အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန် အလေးအနက်တိုက်တွန်း ပြောကြားလို ကြောင်း။

တစ်ဆက်တည်းပြောကြားလိုသည်မှာ အနုပညာတစ်ရပ်က ဆင့်ပွားပေး လိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသ ရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာသည် အင်မတန် အရေးပါအရာရောက် ကြောင်း၊ အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင် သည် ပြည်သူလူထု၏ ရင်ထဲနှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် ဩဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှု ကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ် ကြောင်း။

ထို့ကြောင့် ရုပ်ရှင်အနုပညာနှင့်အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရုပ်ရှင် ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍ သည်လည်း အလွန်အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခု ဖြစ်ပေါ်လာရေးသည် တစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်မှုဖြင့်မရ ကြောင်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်းအမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ်ကအစ နောက်ဆုံး ဒါရိုက်တာ၏ အဓိကဦးဆောင်မှုဖြင့် စုပေါင်းညီညာမှသာ ဖြစ်လာခြင်းဖြစ်ပြီး စုပေါင်း အားကို ပေါ်လွင်နေကြောင်း၊ တစ်ဦးချင်း မည်မျှကောင်းသည်ဖြစ်စေ စုပေါင်းအား မပါပါကဇာတ်ကားကောင်းတစ်ခု ဖြစ်မလာနိုင်ကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုသည် ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေသည်၊ ရိုက်ခတ်စေသည်၊ တသသ ဖြစ်စေသည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ခေတ်ကာလတွင် ပြသခဲ့သည့် ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုး တို့ကဲ့သို့ ဇာတ်ကားမျိုးသည် မည်သည့် အချိန် ပြန်ကြည့်ရသည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေသည့် ဇာတ်ကားမျိုး၊ အတုယူ ဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရသည် ဇာတ်ကားမျိုးများ ဖြစ်ကြောင်း၊ အခြား ဇာတ်ကားကောင်းများစွာလည်းရှိကြကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ရင်ထဲ စွဲမြဲပြီး အကျိုးပြုစေ မည့် ဇာတ်ကားမျိုး ဖန်တီးပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးကို နိုင်ငံတကာ က ပိုမိုသိရှိလာအောင်၊ ရင်းနှီးခင်မင်လာအောင်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေး နိုင်အောင်၊ နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံအကျိုးအတွက် ပြည်သူ တစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာ စွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း။

အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေ ဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏အကျိုးကို ရှေးရှုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက် ပေးလျက်ရှိကြောင်း။

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေ အနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန် ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံကြရန် အထူးပင်လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသားအားလုံးက မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးက မြန်မာ (We are Myanmar)” ဟူသည့် စိတ်၊ တစ်သွေးတစ်သားတည်း ဟူသည့် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာစေရန်နှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန် လိုအပ် ကြောင်း။

ယင်းနေရာတွင် သတိပြုရမည့်အချက်အနေဖြင့် ဘာသာရေး၊ အမျိုးသား ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ် အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်များဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန် ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင် ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်း ပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင် များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုး ဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက် ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ် ငန်းများဖြစ်သည့် MSME ကဏ္ဍ တိုးတက်အောင် တိုက်တွန်းအားပေးအကောင် အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည် သာယာဝပြောစေရေး မြေကြီးကရွှေသီး အောင် လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော ၌ပင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို နေပြည်တော်၊ တပေါင်းကွင်း တွင် ယခုလ (၁၀)ရက်မှ (၁၄)ရက်အထိ  ပြုလုပ်သွားမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရည်မှန်းချက်များအောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည်ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းက ပေါင်းစပ်ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ ထူးချွန်သည့်အနုပညာရှင်လူငယ်များ ပေါ်ထွန်းလာခြင်းကိုလည်း ကြိုဆို ကြောင်း၊  လူငယ်များသည် အနာဂတ်အတွက် ဖြစ်ကြောင်း။

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ် တွင်လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း။

ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာ လုပ်ငန်းများကို ဆက်လက် အောင်မြင်တိုးတက်စေရေးအတွက် အင်အားများပိုမိုရရှိစေ ပြီး မိမိတို့၏အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည် မျှော် လင့်ကြောင်း။

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကိုမြှင့်တင်ပြီး ထူးချွန်ဆု များရရှိအောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပေးကြရန်၊ မိမိတို့ ယဉ်ကျေးမှုများကို အရိုးပေါ်အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာ လိုက်ပါပြီး နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်း သည့် အနုပညာကိုအခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော် ဆောင်ပေးကြရန်တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် အခမ်းအနားမှူးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီး မြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးပြီး အနုပညာရှင်များက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကို ဂုဏ်ပြု သည့်အနေဖြင့် မြူမှောင်ဝေကင်း တေးသီးချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီး မြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် ရုပ်ရှင်လောကသား အားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ် သက်တာထူးချွန်ဆု ရရှိကြသော မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများပေးအပ်ချီးမြှင့် ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ရုပ်ရှင်တစ် သက်တာထူးချွန်ဆု ရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆု များကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို  “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်”ဇာတ်ကားဖြင့် ကောင်းဇံ ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဓိရာမိုရ် ၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို “မီး” ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို “နှောင်” ဇာတ်ကားဖြင့် အာကာကျော် ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အေးသီရိကို ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် Taurus V production ၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အထူးဆုအဖြစ် “နှောင်” ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ) တို့က ရရှိကြသည်။

ထူးချွန်ဆု ရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူး တင်စကားပြောကြားကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့် ရာ  အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင် ၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည် ၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုး တို့ကရရှိကြပြီး အကယ်ဒမီးများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆု များကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက် ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဘိုးတော်ကင်း” ဇာတ်ကားဖြင့် ခြူးလေး ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “ မီး” ဇာတ်ကားဖြင့် အေးချမ်းမောင် ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည် ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “နှောင်” ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုး တို့ကရရှိကြသည်။

ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူး တင် စကားပြောကြားကြသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြသည်။

  ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၅) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားရေးကိုရှေးရှု၍ ၁၉၅၂ ခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင် အတတ်ပညာရှင်များကို ရွေး ချယ်ကာ ထူးချွန်ဆု ချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် (၇၃) နှစ်အတွင်းတွင် (၆၆) ကြိမ်မြောက် ချီးမြှင့် ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။