နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီ တော်မြတ်ကြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည် ညိုကာ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း တို့ကို ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ငြမ်းစေတီပေါ်သို့တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီ တော်မြတ်ကြီး စိန်ဖူးတော်မြတ်၏ ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးဖူးမြော်ကြည်ညိုပြီး စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားများနှင့် သာသနာရေးဆိုင်ရာပစ္စည်းများကို ကပ်လှူ ပူဇော်ကာ ပရိတ်နံ့သာရည်များဖြင့်ပက်ဖြန်းပူဇော်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ငြမ်းစေတီ အထက်မှ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုမြင်ကွင်းများအား ကြည့်ရှုပြီး မြို့ သာယာလှပရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေ များကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုများနှင့် ယခင် အလှူရှင်များ၏ လှူဒါန်းမှုများအား ကြည်ညိုသဒ္ဓါတရားပွားများဖူးမြော်ကြည်ညို သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖြန်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင် များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ခေတ်အဆက်ဆက် ရွှေသင်္ကန်းတော်ကပ်လှူ ပူဇော်ခဲ့မှုနှင့် ယခု ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အခြေအနေများကိုတင်ပြရာ၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ၆ ကျပ် သားရှိ ၁ ပေပတ်လည် ရွှေပြား(Gold Plate)အနေဖြင့် စုစုပေါင်း ၁၂၀၀ ချပ် လို အပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁၀၆၀ ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၁၄၀ ချပ် လိုအပ်လျက်ရှိမှု၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating)အနေဖြင့် စုစု ပေါင်း ၁၀၀၀၀ ချပ် လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိကပ်လှူပြီးစီးမှုမှာ ၇၅၀၀ ချပ် ဖြစ် သဖြင့် ကပ်လှူရန်ကျန် ၂၅၀၀ ချပ်လိုအပ်လျက်ရှိမှု၊ စေတနာရှင်အလှူရှင်များအနေ ဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်း နှုန်းဖြင့်လှူဒါန်းနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည့်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့၏ အထင်ကရ စေတီတော်မြတ်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင် ပြည်သူများက အစဉ်အဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၃ နှစ်လျှင်တစ်ကြိမ်၊ ၄ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်လျှင် တစ်ကြိမ်၊ ၅ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) ၄ နှစ်လျှင်တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ မင်္ဂလာရထားပျံ ဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန် အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းများကို ယခုနှစ် မတ်လတတိယပတ်တွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) ၁၄၀ ချပ်နှင့် ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) ၂၅၀၀ ချပ်တို့ ကပ်လှူရန်ကျန် ရှိနေကြောင်းသိရှိရပြီး စေတနာရှင်အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ် လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင် ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းတို့ဖြင့် အသီးသီးပါဝင် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။