နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၇

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အရာထမ်းများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများ မှ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကြူအာကုတ်စနစ်၊ မြန်မာကြူအာ(MMQR)”ကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအနေဖြင့် ယနေ့မှ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပထမဦးစွာ အသိပေးပြောကြားလို ကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီ တိုးတက်လာရန်၊ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင် ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင် ရန်၊  နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊  နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စသည်တို့အတွက် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေမည့် လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင် ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာမှုကို ပြောရမည်ဆိုပါက အခြေခံအဆောက်အအုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များပါဝင်သည့် မြန်မာငွေပေးချေမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ငွေသားကိုင်တွယ်ရန် မလိုဘဲ ကတ်ဖြင့်အဆင်ပြေချောမွေ့စွာ ပေးချေနိုင်ရေးအတွက် ပြည်တွင်းဘဏ်များက ထုတ်ဝေသည့် မြီစားကတ်၊ အကြွေးဝယ်ကတ်များအပြင် အပြည် ပြည်ဆိုင်ရာ ငွေပေးချေမှုကတ်များကိုပါ စနစ်တကျသုံးစွဲလာနိုင်သည်ကို တွေ့ရကြောင်း၊  ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအကြား ငွေပေးချေမှု ကွန်ရက်စနစ်ကို တည်ထောင်ခဲ့ပြီး ငွေပမာဏကြီးမားသည့် အခွန်ပေးဆောင်မှုများကို ပြည်တွင်းဘဏ်များကတစ်ဆင့်ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်ကိုတွေ့ရကြောင်း။

ပြည်တွင်း၌မိုဘိုင်းသုံးစွဲမှုတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု များကို ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်း ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ အမိန့် များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်း လစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေ ထုတ်ချေးခြင်းနှင့် ကောက်ခံ ခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစား ငွေပေးချေမှုများအတွက် လည်း စနစ်တကျခွင့်ပြုပေးထားသည်ကို တွေ့ရှိရကြောင်း။

အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်များအကြားကွဲပြားသည့် မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ပေးသူများအကြား မြန်မြန်ဆန်ဆန် ချိတ်ဆက်ဆောင်ရွက်နိုင် မည့် စနစ်တစ်ခုလိုအပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကြူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသား စံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာ ကြူအာ(MMQR)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း။

နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကြူအာ ကုတ်အမျိုးမျိုး ကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ် သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကြူအာ (MMQR) ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံ အဆင့်ဆင့်ကိုလည်း သုံးစွဲသူပြည်သူများ ရှင်းရှင်းလင်းလင်း နားလည် အသုံးပြုနိုင် အောင် အသိပညာပေးသွားရန် လိုအပ်ကြောင်း။

မြန်မာကြူအာ(MMQR)ကို အသုံးပြုခြင်းအားဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများသာမက  ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေး စနစ် တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကိုရယူနိုင်ရန် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်မည်လည်းဖြစ်ကြောင်း၊ ထို့ပြင် မတူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန် လွယ်ကူပြီး  ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း။

 

မြန်မာကြူအာ (MMQR)အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကဏ္ဍစုံက စီးပွားရေး လုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်သည့်အတွက် လွယ်ကူထိရောက် မြန်ဆန် ပြီး စွမ်းဆောင်ရည်ပြည့်သည့်ငွေပေးချေမှုစနစ်တစ်ရပ်ကိုဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်အဆင့်  စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့် အတွက်  နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ရသည့့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်း များနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြား နိုင်ငံများနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးလာရန်အတွက် တွန်းအားပေးသည့့် စနစ် တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အတူ ယခုကဲ့သို့ စနစ်တကျ အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးနိုင်သည်နှင့့်အမျှ တစ်ဘက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန် လည်း လိုအပ်မည်ဖြစ်ကြောင်း။

ငွေပေးချေမှုစနစ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုစနစ်တစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှုချိတ်ဆက်စနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုတို့ကြောင့် အောင်အောင်မြင်မြင်နှင့် စတင်အသုံးပြုနိုင်ခဲ့ခြင်းအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်မိ ကြောင်းနှင့် ဆက်လက်၍ ငွေပေးချေမှုစနစ်များ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံ ၏ ငွေရေးကြေးရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်၏ အကျိုး စီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်၊ MMQR ၏ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အကျိုးကျေးဇူး များကို တင်ဆက်ထားသည့် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌမှ  မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအထိမ်းအမှတ်လက် ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်း ပြသထားသည့် ပြခန်းများနှင့် MMQR အသုံးပြုပေးချေမှုများအား စိတ်ဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။