ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ  တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်)

ချစ်ခင်လေးစားအားထားရပါသော တောင်သူလယ်သမားဦးကြီးများ ခင်ဗျာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ မတ်လ (၂)ရက်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တောင်သူလယ်သမားဦးကြီးများ အားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

တိုင်းရင်းသားပြည်သူတို့၏ စားရေရိက္ခာဖူလုံရေး အတွက် အဓိကအခန်းကဏ္ဍမှ  ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုများကို အထူးဂုဏ်ပြုပါကြောင်းနှင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ပိုမိုတိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြပြီး တောင်သူလယ်သမားဦးကြီးများ၏ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍   နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏  လူမှုစီးပွားဘဝမြင့်မားရေး  ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်”ဆိုသည့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်း စနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ရေး၊ MSME စက်မှုလုပ်ငန်း များကိုအားပေးကာ  ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင်ဆောင်ရွက်ပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပတင်ပို့နိုင်ရေး စသည့် စီးပွားရေး ဦးတည်ချက် (၃)ရပ်ကို ချမှတ်ပြီး ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲ၍ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ  သီးနှံများအထွက်တိုးရေးပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရေး  အလေးပေးဆောင်ရွက်လျက်ရှိပါသည်။   ထိုသို့ဆောင်ရွက်ရာတွင်   မျိုးကောင်းမျိုးသန့်များ  ပြောင်းလဲသုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိန်ကိုက် အချိုးကျ စနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ သီးနှံများပိုမိုထွက်ရှိရေးနှင့် သီးထပ်စွမ်းအားမြင့်မားစေရေး အတွက် တစ်သီးစိုက်လယ်မြေများကို နှစ်သီးစိုက်၊ သုံးသီးစိုက် စသည့် သီးထပ်စိုက်ပျိုးနိုင်ရေး ဒေသအလိုက်၊ ရာသီအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်စေလျက်ရှိပါသည်။

လက်ရှိစိုက်ပျိုးနေသော စိုက်ပျိုးမြေများတွင် စိုက်ပျိုးသည့်သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား နှစ်ဆမှသုံးဆအထိရရှိအောင် ကြိုးစားဆောင်ရွက် ခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော် အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးက ရွှေသီးသည်” ဟု ဆိုရမည်ဖြစ်ပါသည်။

တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကို လေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင်   အဓိကကျသည့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ  တွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များ စိုက်ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ကုန်းမြင့်တောင်စောင်း ဒေသများတွင် လှေကားထစ်စိုက်ပျိုးခြင်း၊ ကွန်တိုစနစ်ဖြင့်စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စသည့်   စိုက်ပျိုးနည်းစနစ်များ သုံးကြရန်လိုအပ်ပါသည်။ ထို့အပြင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများပြုလုပ်သုံးစွဲခြင်း၊ နွားချေး၊ ကြက်ချေးများအပြင် EM ဘိုကာရှီမြေဆွေးများ၊ ငါးအမိုင်နိုအက်စစ်များ အသုံးပြုခြင်း၊ ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာများ စိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးသည်သာမက အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေး အတွက်လည်း မြေဩဇာ၊  မျိုးစေ့၊  ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း၍ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်လည်း သွင်းအားစုကုမ္ပဏီများနှင့် ချိတ်ဆက်ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆည်မြောင်းစီမံကိန်းများကို  အလေးထား ရင်းနှီးမြှုပ်နှံပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်   ရေလှောင်တမံ (၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄)ခု၊ ကန် (၇၂)ခု၊ ရေတံခါး (၁၉၉)ခု၊ ရေတင်လုပ်ငန်း (၂၁၉)ခု၊ စုစုပေါင်း (၈၈၀)ခုတို့အား  ဆောင်ရွက်ထားရှိပြီး လက်ရှိတွင်   စိုက်ပျိုးသီးနှံဧက (၃၁)သိန်းကျော်အား  အကျိုးပြုလျက်ရှိပါသည်။ ထို့ပြင် စိုက်ပျိုးရေရရှိမှု  ခက်ခဲသည့်ဒေသများတွင် မြေအောက်ရေ အရင်းအမြစ်များကိုအသုံးပြုရန်အတွက်  စက်ရေတွင်း (၂၅,၇၆၉)ခုကို တူးဖော်ထားရှိပေးထားပြီး   မြေအောက် ရေလှောင်တမံများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယာယီချောင်းပိတ် တမံများတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေကြီးနစ်မြုပ်မှုနှင့် ပင်လယ်ရေငန်ဝင်ရောက်မှုမှ   ကာကွယ်နိုင်ရန်အတွက်  ရေဘေးကာကွယ်ရေးတာများ၊ ရေငန်တားတာများ တည်ဆောက်ခြင်းနှင့် ချောင်းကော၊ မြောင်းကောများ၊ ချောင်းရိုးများနှင့်  ရေနုတ်မြောင်းများ တူးဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးအသိပညာဖြန့်ဖြူးမှုကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သုတေသနတွေ့ရှိချက်များ၊ ခေတ်မီနည်းပညာများ၊ မျိုးကောင်း၊ မျိုးသန့်နှင့် နည်းစနစ်ကောင်းများကို တောင်သူကြီးများ ယုံကြည်လက်ခံကျင့်သုံးလာစေရန် စိုက်ပျိုးပညာပေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ “တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း”မှ ထုတ်လွှင့်ပေးခြင်း၊ မြဝတီရုပ်မြင်သံကြားမှ “စိုက်ပျိုးသုတ”အစီအစဉ်ဖြင့် ထုတ်လွှင့်ပေးခြင်း၊ မြန်မာ့အသံရေဒီယိုလိုင်းမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာအစီအစဉ်”ဖြင့် ထုတ်လွှင့်ပေးခြင်း၊ တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်လွှင့်ပေးခြင်းတို့အပြင် ဒို့ကျေးရွာဂျာနယ်ကဲ့သို့သော ဂျာနယ်များ၊ စာစောင်များဖြင့်လည်း  အသိပညာဖြန့်ဝေလျက်ရှိပါသည်။ အင်တာနက်ကို အသုံးပြု၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် သတင်းအချက်အလက်များကို  အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် တောင်သူလယ်သမားဦးကြီးများ အနေဖြင့် မိမိတို့သိလိုသည့်နည်းစနစ်များကို အလွယ်တကူလေ့လာ သိရှိနိုင်ပြီဖြစ်ပါသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများ   ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ် သုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများကို စီမံကိန်းလျာထားသည့်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း မှာကြားလိုပါသည်။

မိမိတို့နိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးမှုမှ ထွက်ရှိသော ဝါဂွမ်းကုန်ကြမ်းများသည် ပြည်တွင်းသုံးစွဲရန် လုံလောက်မှုရှိသော်လည်း ချည်များကို ပြည်ပမှတင်သွင်းနေရဆဲဖြစ်ပါသည်။ ပြည်ပမှ ချည်နှင့်ချည်ထွက်ပစ္စည်းများ၊ အဝတ်အထည်များ တင်သွင်းမှုလျှော့ချနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်ကို အရည်အသွေးမီ ထုတ်လုပ်ဖြည့်ဆည်းနိုင်ရန် အတွက် ဝါသီးနှံအထူးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပိဿာ (၇၀၀) ထွက်ရှိရေးနှင့်  အရည်အသွေးကောင်း ဝါနှင့်ဂွမ်းများရရှိရေးတို့ကို အဓိကရည်မှန်း ဆောင်ရွက်လျက်ရှိပါသည်။ ထွက်ရှိလာသည့် အရည်အသွေးကောင်း ဝါနှင့်ဂွမ်းတို့ကို အသုံးပြုပြီး အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်ရန်အတွက် ဝါအခြေခံစက်မှုလုပ်ငန်းများဖြစ်သည့် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်ရုံများကို  အဆင့်မြှင့်တင်ပေးပြီး  ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်း၊   MSME လုပ်ငန်းများ  တိုးတက်စေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ပြည်တွင်းထွက်ဝါများဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ် အဝတ်အထည်များကို အလေးထားအသုံးပြုကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပုဂ္ဂလိကကဏ္ဍအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ  စသည်တို့ကို ကုန်ချောပြုပြင် ထုတ်လုပ်သည့်   စားသောက်ကုန်လုပ်ငန်းများနှင့် ကော်ဖီ၊ ရော်ဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော် စသည်တို့ကို ကုန်ချောထုတ်လုပ်သည့် စက်မှုကုန်ကြမ်းသီးနှံလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်ပေးခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး သီးနှံများဈေးကွက်တွင် အဆင့်မီစွာ ထုတ်လုပ်ရောင်းချနိုင်၍ တောင်သူများ ဝင်ငွေတိုးကာ လူနေမှုဘဝတိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အထောက်အကူပြုရန် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။  စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (၁၅)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် အလယ်အလတ်အဆင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် အခြေခံပညာ အထက်တန်းကျောင်းများတွင် တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာသင် အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိတွင် စုစုပေါင်း (၈၅)ကျောင်းထိ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

တောင်သူလယ်သမားဦးကြီးများခင်ဗျာ

    စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းများပါ ဆက်စပ်လုပ်ကိုင်လျက်ရှိသောကြောင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ကြရန်မှာကြားလိုပါသည်။ ပြည်သူများအာဟာရပြည့်ဝစေရေးအတွက် အသားဓာတ်ရရှိနိုင်သည့် သား၊ ငါး၊ နို့၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများထုတ်လုပ်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါသည်။ နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် နို့စားနွား၊ အသားတိုးနွားများ တိုးချဲ့မွေးမြူခြင်း၊ ထုတ်လုပ်မှုမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ ပေါ်ထွန်းလာရေး ဆောင်ရွက်ခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ပြီး နွား၊ ဝက်၊ ကြက်၊ ဘဲ၊ သိုး၊ ဆိတ်များ မွေးမြူထုတ်လုပ်ခြင်းနှင့် အရည်အသွေးပြည့်မီသည့် နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး   တွဲဖက်ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာ စေရေးအတွက် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာများ ထူထောင်ပြီး အောင်မြင်မှုရရှိရေးကိုလည်း   မှာကြားလိုပါသည်။  ရာသီဥတုဒဏ် ခံနိုင်ရည်ရှိ၍ ထုတ်လုပ်မှုကောင်းသည့် နွားမျိုးကောင်းမျိုးသန့်တိရစ္ဆာန်များကို တောင်သူများထံသို့ ဖြန့်ဖြူးခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊  ရောဂါစူးစမ်း လေ့လာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မွေးမြူသူများ၏ အရင်းအနှီးလိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  အရင်းမပျောက် မတည်ငွေများ ထုတ်ပေးပံ့ပိုးလျက်ရှိပါသည်။   စိုက်ပျိုးမွေးမြူရေး   မြစိမ်းရောင်စီမံကိန်းဖြင့်   အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်မွေးမြူရေး စီမံကိန်းလုပ်ငန်းများကို လည်းကောင်း  ဆောင်ရွက်လျက်ရှိသည့်အပြင် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ သိုး၊ ဆိတ်မွေးမြူရေးစီမံကိန်းလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။

ငါးကဏ္ဍအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငါး၊ ပုစွန်ဖမ်းဆီး၊ မွေးမြူခြင်းမှ မက်ထရစ်တန်ချိန် (၆၃၂၀၀၇၀)ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေထွက်ကုန်ပစ္စည်း (၃၂၂)မျိုးခန့်ပါဝင်သည့်  မက်ထရစ်တန်ချိန် (၅၂၂၅၇၀)ကို ပြည်ပနိုင်ငံပေါင်း (၄၀)သို့တင်ပို့နိုင်ခဲ့ပြီး အများစုမှာ ပြည်တွင်းငါးရိက္ခာလိုအပ်ချက်ကို အဓိကဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နေပြည်သူများ၊ ငါးမွေးတောင်သူများအား ပုံမှန်ဝင်ငွေရရှိရေးအတွက် အခြေခံငါးမွေးမြူရေး နည်းပညာများ သိရှိနားလည်စေရန် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူနည်းပညာများအား သိရှိနားလည်ရန်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

မိသားစုတစ်ပိုင်တစ်နိုင်ကန်များတွင် ငါးမွေးမြူခြင်းနှင့် ကန်ပေါင်တွင် စိုက်ပျိုးခြင်း၊ မွေးမြူမည့် ငါး၊ ပုစွန်သားပေါက်များ ရောဂါကင်းရှင်း ကျန်းမာစေရန်  စစ်ဆေးပေးခြင်း၊  ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးခြင်းနှင့်ရေထွက်ကုန်များ ပြည်ပသို့တင်ပို့နိုင်ရန်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် (Health Certificate)ထုတ်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားဦးကြီးများခင်ဗျာ

    နိုင်ငံတော်က တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး ကဏ္ဍပေါင်းစုံမှ တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာလုပ်ငန်းများအား  ထိရောက်စွာအကျိုးပြုနိုင်မည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍   ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

နိဂုံးချုပ်အနေဖြင့်   လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့တင်ပို့နိုင်ရန် အတွက် အရှိန်အဟုန်မပျက် ထုတ်လုပ်နိုင်သည်အထိ အမျိုးမျိုးသော အခက်အခဲများကြားမှလုံ့လဝီရိယဖြင့်  စွမ်းအားပြည့်ဆောင်ရွက်ပေးခဲ့ကြပါသော တောင်သူလယ်သမားဦးကြီးများကို အစဉ်အမြဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူလယ်သမားဦးကြီးများ၏ ကာယ၊ ဉာဏ၊ လုံ့လဝီရိယ၊ ခေတ်မီနည်းပညာ၊ မြေ၊ ရေ စသည့် အရင်းအမြစ်များအားလုံးကို ပေါင်းစပ်၍ မျှော်မှန်းထားရှိသည့် ရလဒ်များရရှိနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။