နေပြည်တော်၊ မတ် -၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လစ်အုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) တို့လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့ သွား ရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေ အနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ ၊ရုရှားနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓ သာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ချစ်ကြည်ရေးခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များနာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့ အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါမော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာအား ရုရှားနိုင်ငံတွင် ထေရ ဝါဒ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ နှင့် အပြည်ပြည်ဆိုင်ရာ သာသနာပြု တက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင် ဆေကိန္ဒ တို့၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား အမှူထား၍ တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက် ရှိသည့် သင်တန်းသားမိသားစုများ ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ် ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချ အခမ်းအနားကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ရန် သီတဂူဆရာတော်ကြီး၏ ဩဝါဒ ကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) မိသားစုများ၊ ရဟန်း ရှင်လူ ပြည်သူအများ၊ ရုရှားနိုင်ငံရောက်ပညာတော်သင် သင်တန်းသားအရာရှိများ စုပေါင်း၍ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ရေစက်ချ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် ရုရှားနိုင်ငံရှိဗုဒ္ဓဘာသာဝင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များသာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားရသည့် နေရာတစ်ခုဖြစ်သည်။