နေပြည်တော်၊ မတ် – ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီး ဌာန ၁ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေး မှူး Mr. Sergey Kuzhugetovich Shoigu ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် ရုရှားတပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိ ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက် သည်။
ယင်းနောက် တွေ့ဆုံပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံ အကြား ကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။