နေပြည်တော်၊ မတ် – ၇
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ နှင့်အတူ ဘယ်လာရုစ်အစိုးရ အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။ ထိုအချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတော် သီချင်းတို့အား တီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။ ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် အခမ်း အနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများအား အပြန် အလှန်မိတ်ဆက်ပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ တို့သည်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် သီးသန့်တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင်ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတက ယခုကဲ့သို့ တွေ့ဆုံရသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဟုယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်များနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအဆွေတော်၏ ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နှစ် နိုင်ငံ အကြားမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့မိမိတို့နိုင်ငံသို့ချစ်ကြည်ရေး ခရီး လာရောက်သည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းဖြင့် နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်မှာ ယခုအခါ ဒုတိယကြိမ်လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများ ကိုလည်း မျက်မြင်တွေ့မြင်ရပါကြောင်း၊ မိမိအားယခုကဲ့သို့ နိုင်ငံတော်အဆင့် ဂုဏ်ပြု ကြိုဆိုမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင် အနိုင်ရရှိခဲ့မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့်ယခင်လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုများနှင့် တိုးတက်မှုများကို တွေ့ရှိခဲ့ ရပါကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ် ထွန်းမှုများရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မိမိဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘီလာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ်ဖိတ်ကြားခဲ့မှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် ရေးဆောင်ရွက် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ က အလုပ်သဘောနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လည်စာသုံးဆောင်နေစဉ် အတွင်း ဘယ်လာရုစ်နိုင်ငံ သံစုံတီးဝိုင်းက နှစ်နိုင်ငံ တေးသံသာများဖြင့် တီးမှုတ်ဖျော် ဖြေခဲ့သည်။