မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ

နေပြည်တော်၊ မတ် – ၇

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့တက်ရောက် ဆွေနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း သံတမန် ဆက်ဆံရေးနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိသည့်နိုင်ငံများဖြစ်ကြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာများ ရေးထိုးမည့် အခြေအနေများ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ များ ကျင်းပနိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်များထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်း သီးနှံ များစိုက်ပျိုးထုတ်လုပ်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာ များထုတ်လုပ်ခြင်း လုပ်ငန်းနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည် မှု စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က သဘောတူ လက်မှတ်ရေးထိုးထားသည့် မြန်မာ-ဘယ်လရုစ် နှစ်နိုင်ငံအကြား အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာများ၊ အားကစားကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ များကိုလဲ လှယ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက် များကို အပြန်အလှန်ပြောကြားကြကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန်အလှန်ပြောကြားမှုများကို သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။

 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko အား အဂ္ဂမဟာသရေစည်သူဘွဲ့ကို  ချီးမြှင့်အပ်နှင်းခဲ့သည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံတွေ့ဆုံပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က မီဒီယာ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr.Alexander Gregoryevich Lukashenko တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr.Alexander Gregoryevich Lukashenko

လေးစားအပ်ပါသော အဆွေတော်  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွတက်ရောက် လာကြသော ဧည်သည်တော် များခင်ဗျာ၊ ကျွန်တော်ဒီနေ့နှစ်နိုင်ငံတွေဆုံမူနှင့် ပတ်သက်ပြီးတော့ စီးပွားရေး အခန်းကဏ္ဍ၊ အခြားကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး ပတ်သက်ပြီးတော့ များစွာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့တွေဆုံပွဲမှာဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေးနှင့်ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတွေကို တိတိကျကျဆွေးနွေးခဲ့တာရှိပါတယ်။ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အခန်းကဏ္ဍရပ်များနှင့် ပတ်သက်လို့လည်းပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာအခန်း ကဏ္ဍများနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာရှိပါတယ်။ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ အတွက် ဒီနေ့နှစ်နိုင်ငံကျွန်တော်တို့ မဟာဗျူဟာကျကျ အစီအစဉ်ရေးဆွဲဖို့လည်း သဘောတူညီမူရခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာထွက်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေက ကမ္ဘာမှာ စားနပ် ရိက္ခာ ဖူလုံရေးနှင့် ပတ်သက်ပြီးတော့ အထောက်အကူပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်ကလည်း နည်းပညာနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတွေမှာစိုက်ပျိုးရေး အခန်းကဏ္ဍ၊ ဆေးဝါးအခန်းကဏ္ဍနဲ့ စားနပ် ရိက္ခာ ထုတ်လုပ်ရေးအခန်းကဏ္ဍများနှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ မနေ့က Business Forum မှာ အဆိုပါကိစ္စရပ်နဲ့ အဆိုပါ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ နှစ်ဦးနှစ်ဘက် တာဝန် ရှိသူတွေကလည်း တိတိကျကျ ဆွေးနွေးပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးမူတွေနှင့်ပတ်သက်လို့ ဒီကဏ္ဍတွေနဲ့ပတ်သက်လို့လည်း ဘယ်လာရုစ်နိုင်ငံ မှာ နည်းပညာနဲ့ပတ်သက်ပြီး မြင့်မားတဲ့ နည်းပညာတွေလည်းရှိပါတယ်။ ဒီနှစ်အတွင်း မှာ ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကော်မရှင်ကိုလည်းပြန် လည်ပြီးတော့ အစည်း အဝေးလုပ်နိုင်ဖို့လည်း ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံသိပ္ပံနှင့်နည်းပညာ အခန်း ကဏ္ဍများနဲ့ ပတ်သက်လိုလည်း ကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်သွားဖို့ရှိ ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းတွေကိုမြင့်တင်ဖို့အတွက် မြန်မာ နိုင်ငံကကျောင်းသား တွေလာရောက် ပညာသင်ကြားတဲ့အချိန်မှာအစစအရာရာအစဉ်ပြေဖို့ ဘယ်လာရုစ် နိုင်ငံကလည်းတတ်နိုင် ဆုံးကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ယခုနှစ်မှာ မြန်မာနိုင်ငံ ကနေပြီးတော့ ပထမဆုံး ကလေးသူငယ်တွေပါဝင်တဲ့ Groupတစ်ခုကို ဘယ်လာရုစ် နိုင်ငံ ဆူးပရူးနော့ အပန်းပြေစခန်းကိုလာရောက်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားပြီးဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာမီအချိန်အတွင်းမှာ ဘယ်လာရုစ်နိုင်ငံက ဝန်ကြီး များ၊ တာဝန်ရှိ တဲ့အဆင့်မြင့်ပုဂ္ဂိုလ်များက မြန်မာနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကနေပြီးတော့လည်း ကျွန်တော်တို့ Specialists တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ဘယ်လာရုစ်နိုင်ငံကိုလာရောက်မှာဖြစ်ပါတယ်။ ဒီလိုမျိုးခရီးစဉ် တွေ အပြန်အလှန် သွားရောက်ပြီးတော့ တစ်နိုင်ငံလုံးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရနိုင်တဲ့အခွင့်အလန်းတွေကို လေ့လာပြီးအကောင် အထည်ဖော်ဆောင် ရွက်မှာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော်နဲ့ အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ယောက်တည်း ထိုင်တဲ့အချိန်မှာလဲ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အချက်တွေ ရှိပါတယ်။ ကျွန်တော်မြင် တာကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ အနေနဲ့ ပိတ်ပင်တားဆီးထားတဲ့ ဒီအချက်တွေ မရှိပါဘူး။ အားလုံး က အမြဲတမ်း နှစ်ဦးနှစ်ဘက် လုံး တံခါးဖွင့်ပြီးတော့ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးနဲ့ စီးပွားရေးအခန်း ကဏ္ဍကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ် လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ ယခုဒီနေ့ ဆွေနွေးမှု မှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေအများကြီးရှိသလို မနေ့က Business ဖိုရမ်မှာ လည်း ဆွေးနွေးခဲ့တဲ့အချက်အလက်တွေလည်းရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီးတော့နားလည်မှု စာချွန်လွှာ တွေ၊ စာချုပ်တွေကိုလည်း အမြန်ဆုံးချုပ်ဆိုနိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့မိတ်ဆွေ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယခုခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတဲ့ အတွက်ရော စိတ်ဆန္ဒရှိတဲ့အတိုင်းအားလုံးကို ပွင့်ပွင့်လင်းလင်းပြောသွား တဲ့အတွက် လည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော်ကို ထပ်လောင်း ကျေးဇူးတင်ကြောင်းပြောကြား လိုပါတယ်။ အဲဒါက တော့ကျွန်တော့်ကို မြန်မာနိုင်ငံကိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာမီ အချိန်အတွင်းမှာ အဆွေတော်နဲ့ကျွန်တော် အဆွေတော်ရဲ့နိုင်ငံမှာ တွေ့ဆုံနိုင်လိမ့်မယ် လို့လည်းမျှော်လင့် ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်ကဒီလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အကောင်းဆုံးနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး ဒီနေ့တွေ့ဆုံပွဲမှာ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အမြဲတမ်းအဆွေတော်ကို ဝမ်းပန်းတသာ ကြိုဆိုနေ ကြောင်းလည်းပြော ကြားလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဒီအခမ်းအနားကို ကြွရောက်လာကြတဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko နဲ့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များ အားလုံးကိုမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင် များကိုလည်း ကျွန်တော့်ရဲ့ ဒုတိယခရီးစဉ်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒီအတွက်လည်းအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ် ကြောင်းပြောလိုပါတယ်။ ဒီလို ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေးပို မိုတိုးတက်ခိုင်မာ စေဖို့၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့၊ အထူးအားပေးဆောင်ရွက်ခဲ့တဲ့ အဆွေတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်ပြည်သူများ၊ ပြည်သားများ အားလုံးယခုထက်ပိုမိုအင်အားတောင့်တင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ဒီနေ့နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့် လင်းလင်းဆွေးနွေးခဲ့တဲ့အတိုင်းပဲ နှစ်နိုင်ငံစီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆက်ဆံရေးကိုလည်း ဆက်လက်မြှင့်တင် ဆောင်ရွက်သွားပါမယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးသာမက ပြည်သူချင်း ဆက်ဆံရေးကိုလည်းတိုးချဲ့ဆောင်ရွက်သွားပါမယ်။ ဒီနှစ်နိုင်ငံ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူများ သာမက တက်ရောက်နေကြတဲ့ မီဒီယာများရဲ့ကဏ္ဍကလည်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒါကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှထဲမှာ ကုန်းတွင်းနိုင်ငံထဲမှာ အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံကြား မှာ ဆက်စပ်ပြီးတည်ရှိနေတဲ့နိုင်ငံ ဖြစ်သလို အရှေ့တောင်အာရှနဲ့ တောင်အာရှ အကြားမှာလည်း ပေါင်းကူးတံတား သဖွယ်ရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့လမ်းပန်းဆက် သွယ်ရေးအတွက်ကောင်းမွန်တဲ့ ရေ၊ မြေ၊ ရာသီဥတုကိုပိုင် ဆိုင်ထားတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ကမ္ဘာမှာဆန်တင်ပို့မှု အဓိကတင်ပို့တဲ့ ထိပ်တန်းနိုင်ငံအထဲ မှာပါသလို ကမ္ဘာမှာပဲတင်ပို့မှုမှာ ဒုတိယအမြင့် ဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ဖို့လည်း မြေပမာဏ များစွာ ကျယ်ဝန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနဲ့ လုံခြုံရေး အတွက်ပံ့ပိုးနိုင်တဲ့ နိုင်ငံဖြစ်အောင်ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံရဲ့ ခေတ်မီတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းစနစ်တွေ၊ ယန္တယားတွေ၊ အထောက်  အကူပြုစနစ်တွေနဲ့ လက်တွေ့ပေါင်းစပ်ကျင့်သုံးသွားမယ်ဆိုရင် မြန်မာနိုင်ငံ အတွက်သာမက နှစ်ဘက်စလုံးမှာ အကျိုးရှိတဲ့ရလာဒ်တွေ ခံစားရမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။ မိုင်ပေါင်း ၁၃၀၀ ကျော်လောက်ရှည်တဲ့ ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်မှာလည်း အဓိကကျတဲ့ရေနက်ဆိပ်ကမ်းတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ အထူးသဖြင့် ထားဝယ်၊ သီလဝါနဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်း သုံးခုတို့ မှာလည်း ရင်းနှီးမြှပ်နှံဖို့အတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့ အကြောင်း ပြောလို ပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံက နယ်ပယ်ကဏ္ဍစုံနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှပ်နှံဖို့ ဖိတ်ခေါ်ပါကြောင်းပြောလိုပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ဟာ နိုင်ငံချင်းဆက်ဆံရေးသာမကဘဲ နိုင်ငံတကာမျက်နှာ စာမှာလည်း ပူးပေါင်း ဆောင်ရွက် မှုတွေတိုးချဲ့ဆောင်ရွက်သွားပါမယ်။ နိုင်ငံတကာမျက်နှာစာမှာ ဘယ်လာရုစ်နိုင်ငံ၊ ဘယ်လာရုစ်ပြည်သူတွေက ကျွန်တော်တို့နိုင်ငံ အပေါ်မှာလည်းရပ်တည်ပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံးကျင်းပ သွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များ ကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဒီမှာတစ်ဆက် တည်းမှာဘဲ အဆွေတော်သမ္မကြီးရဲ့ ဘယ်လာရုစ်နိုင်ငံအပေါ်မှာ အစစအရာရာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများအတွက်လည်း အထူးဘဲဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်မယ်လို့ လည်းကျွန်တော်ယုံကြည်ထားပါတယ်။ အဆွေတော် သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်းကျွန်တော် အပြည့်အဝ မျှော်လင့်ထားပါတယ်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ်အားလုံး ခိုင်ခိုင်မာမာ နဲ့ ပြည့်ပြည့်စုံစုံအောင် မြင်တိုးတက် ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr.Alexander Gregoryevich Lukashenko

ကျွန်တော့်အနေနဲ့ အခုလိုမျိုးဖိတ်ကြားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံကိုလည်း လာရောက်မှာဖြစ်ပါတယ်။ အဆွေတော် အဆိုပြုသွားတဲ့ အတိုင်းပဲ ရွေးကောက်ပွဲမှာလည်း လေ့လာရေး စောင့်ကြည့်သူတွေကို ကျွန်တော်တို့ လွှတ်ပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုလေး အကြံပြုလို တာကတော့ အဆွေတော်ကို အကြံပြုစရာလေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အဆွေတော်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတတ်ရေးနဲ့ မိမိနိုင်ငံသားတွေအတွက် အဆွေတော်အနေနဲ့ ကောင်းမယ်ထင်တဲ့အရာဆိုရင် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်တော် အကြံပြုလိုပါတယ်။ အဆွေတော် အနေနဲ့ အကောင်အထည်ဖော်တဲ့ အချိန်မှာ တစ်ချို့လူတွေကတော့ မကြိုက်တဲ့လူတွေကတော့ ရှိကောင်းရှိမှာပါ။ Sanctions တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ မှာရော အဆွေတော်မှာ‌ရော ရှိနေတဲ့ Sanctions တွေကလည်း ထပ်ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ Sanctions ဆိုတာက အခွင့်အလမ်း ကောင်းလို့ ကျွန်တော် သတ်မှတ်ပါတယ်။ ဒီလိုမျိုး Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်းကောင်းလို့ သတ်မှတ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပြီးတော့ ပိုမိုစည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်မှာပါ။ ကျေးဇူး အများကြီးတင်ပါတယ်။ အခုလိုမျိုး ဘယ်လာရုစ် နိုင်ငံကိုလာရောက်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

 Sanctions လုပ်တယ်ဆိုလို့ရှိရင်  Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက အတိုက်အခိုက်ခံရတဲ့ software တွေက  အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ် ဆိုတာကိုလည်း သတိပြုစေလိုပါတယ်။ သူတို့ဖြစ်တဲ့ အရာတစ်ခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခသာပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီး တော့မှ ကျွန်တော်တို့ဒါကို ရင်ဆိုင်ကျော်လွှားသွားပါမယ်။ အဆွေတော်တို့နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောလိုပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။