နေပြည်တော်၊ မတ် – ၈
ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာ ရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H. E. Mr. Maxim Ryzhenkov ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ် ဘယ်လာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကိုခံယူခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ၊ ဆာမားရား မြို့၊ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ဆာမားရားမြို့၊ ဒေသ အစိုးရအဖွဲ့အကြီးအကဲ Mr. A.V Fedorishchev ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများကကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာ သင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ပိုမိုစေလွှတ် နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဆာမားရားမြို့တို့ အကြားပူးပေါင်းဆောင်ရွက်မှုနှင့်ချစ်ကြည်ရင်းနှီးမှုများ တိုးတက်အောင် ဆောင်ရွက် သွားမည့် အခြေအနေများနှင့် အခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက State Space Corporation မှ ဂြိုဟ်တု များအား အသုံးပြု၍ သဘာဝဘေးအန္တရာယ်များ စောင့်ကြည့်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတိုးတက်စေရေး သုတေသနပြုဆောင်ရွက်နိုင်မှုအခြေအနေများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှုအခြေအနေ များ၊ ဂြိုဟ်တုဓာတ်ပုံရိုက်ကူးရေးနှင့် ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာကိစ္စရပ်များ၊ ဒုံးပျံ တပ်ဆင်ထုတ်လုပ်မှု ဆိုင်ရာကိစ္စရပ်များ၊ အာကာသစခန်းတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် အာကာသ ပြတိုက်အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အ ဖွဲ့ဝင်များသည် Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံ အတွင်း ဂြိုဟ်တုများ တပ်ဆင်ထုတ်လုပ်မှုနှင် ဒုံးပျံထုတ်လုပ်မှုများအား လှည့်လည် ကြည်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များဖြည့်စွက် ဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ်က နေ့လည်စာဖြင့်တည်ခင်းဧည့်ခံသည်။
နေ့လည်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ခရီးစဉ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးချုပ် ဦးသန်းဆွေ ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဆန်မားရားဒေသဆိုင်ရာ အစိုးအရဒုတိယအကြီးအကဲ၊ ဒေသဆိုင်ရာ ပညာရေးဝန်ကြီး၊ စက်မှုစီးပွားရေးဇုန်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ Space Rocket ဆိုင်ရာ Progress မှတာဝန်ရှိသူများနှင့်သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဆာမားရားဒေသနှင့် တာလီကာတီဒေသတို့အကြား စက်မှုကဏ္ဍ၊ ဓာတ်မြေ ဩဇာထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ တို့တွင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဆာမားရားမြို့မှ မီဒီယာများက ချစ်ကြည်ရေးခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဆာမားရားမြို့၊ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန် ညပိုင်းတွင် နိုဗာစီဗစ်မြို့၊ သာမာရှဲဗာလေဆိပ်သို့ရောက်ရှိကြရာ နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီး အကဲ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။