နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားချက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ဖိတ်ကြားချက်အရ ကျွန်တော်တရားဝင် ချစ်ကြည်ရေးခရီးသွားတာပါ။  သူတို့က တရားဝင်ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော်တရားဝင်ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ ဟာတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေပေါ့။ နောက်နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွား လာရေးအတွက် တိုးချဲ့ဖို့ ဆိုတာ အထူးသဖြင့်တော့ခရီးသွားကဏ္ဍတွေတိုးချဲ့ ဆောင်ရွက်ရေးပေါ့ဗျာ။

နောက်တစ်ခုကပညာရေး၊ နောက်သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ် တွေ၊ ဒါတွေနယ်ပယ်တွေကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့ အပြင် မြန်မာနိုင်ငံရဲ့  နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့နှစ်နိုင်ငံလုံးက ဒါကို အားလုံး လက်ခံပါတယ်။ နောက် ကျွန်တော်ရွေးကောက်ပွဲ လုပ်မယ့်အခြေအနေလည်း ကျွန်တော် ရှင်းပြတယ်။ ရှင်းပြတော့  သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီကကိုယ်စားလှယ် လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီးကြည့်ပေး မယ့်အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦး နှစ်ဖက်ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့တော်တော်ဖြစ်လာတာကို ကျွန်တော် တွေ့တယ်ဗျ။ ဒါဟာကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံ အတွက်) (နောင်နိုင်ငံတော်အနာဂတ်အတွက်လည်း) ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။

ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကိုပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်ကသဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်းကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်းအားလုံး ကျန်းမာချမ်းသာကြပါစေ။ နောက်အစစအရာရာ တိုးတက်အောင် လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော်ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။