နေပြည်တော် ၊ ၂၀၂၅ မတ် ၁၁
အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော် (၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာနွယ်ဝင် သီလရှင်အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်း တောင်ရိုးရှိ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတောင်ရိုးတွင် ဝိပဿနာတရားများ ပွားများအားထုတ်လျက် ရှိကြသည့် သာသနာနွယ်ဝင် သီလရှင် ဆရာကြီး / ဆရာလေးများက ကျောင်း တိုက်များအလိုက် စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူ ကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် အလှူခံ ကြွရောက် လာကြသည့် ဆရာကြီး / ဆရာလေးများက ကောင်းမှုကုသိုလ်များ အတွက် မေတ္တာပို့အမျှပေးဝေကြသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတ မွေးနေ့အလှူတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စစ်ကိုင်းမြို့ ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော် (၁၀၀၀)အိတ်၊ ဆီ (၂၀၀၀) ပိဿာ၊ ၊ ပဲတစ်ပြည်ဝင်အိတ်(၁၀၀၀)အိတ်နှင့် လှူဖွယ် ပစ္စည်းများအား စစ်ကိုင်းတောင်ရိုးရှိ သီလရှင်စာသင်တိုက်များမှ သာသနာ နွယ်ဝင်သီလရှင် ဆရာကြီး/ ဆရာလေးများကို လောင်းလှူခဲ့ကြသည်။