နေပြည်တော်၊ မတ် – ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်းနေရာသို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူ များက စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေပေးမြောင်းများနှင့် ကုန်ထုတ်လမ်းများ ထည့် သွင်း ဆောင်ရွက်ထားရှိမှု၊ ယခင်က မိုးတစ်သီးသာစိုက်ပျိုးနိုင်သော်လည်း ယခုကဲ့သို့ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်လျင်သုံးသီး စိုက်ပျိုးဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီး မားသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှု လယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက် သွားရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တောင်သူများကိုလည်း စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဆောင်ရွက်သွားရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည်” ဆိုသကဲ့သို့ စိုက်ပျိုးမြေများကို စနစ်တကျဖြစ်စေရေး စက်မှု လယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ စနစ်တကျ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းသည် ရေရှည်အကျိုးအတွက် ဆောင်ရွက် ခြင်းပင်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အခြေခံအချက်များဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်တွင် မြေကိုစနစ်တကျပြုပြင်ဆောင်ရွက်သကဲ့သို့ မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေနှင့် အောင်ရေ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရရှိစေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်မည် ဆိုပါက ပန်းတိုင်အထွက်နှုန်းများ ပြည့်မီနိုင်မည်ဖြစ်ကြောင်း။
ယခု ဖော်ထုတ်ပြီးစီးသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှု၊ ထွက်ရှိမှု တို့ကို စနစ်တကျမှတ်တမ်းတင်ထား ရှိရန်လိုကြောင်း၊ စိုက်ဧကများအားလုံး၌ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အပင် ရေ ပြည့်မီအောင်စိုက်ပျိုးသွားရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေ လူဦးရေသည် ပိုမိုများပြားပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်ကြသည်ဖြစ် သဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ထားရှိမှုနှင့် ကောက် စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအခြေအနေများ၊ စီမံကိန်းနယ်မြေအတွင်း စပါး စိုက်ပျိုး ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိမ်းစားပင်ကျေးရွာရှိ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိရာ တာဝန်ခံဖြစ်သူ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး ဒေသထွက်ဆန်မျိုးများအလိုက် ကြိတ်ခွဲထုတ်လုပ်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ဆန်စက် အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ဒေသ ထွက်စပါးများအား သိုလှောင်နိုင်မှု၊ ကြိတ်ခွဲနိုင်မှုဖြင့် ထွက်ရှိလာသည့်ဆန်များအား ဖြန့်ဝေနိုင်မှုအခြေအနေများ၊ သမဝါယမ အသင်းအချင်းချင်းပူးပေါင်း၍ဆန်စက် လည် ပတ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ သမဝါယမအသင်းများ၏ အားသာချက်များ နှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဓိကအားဖြင့် ဆန်များအရည်အသွေးကောင်းမွန်ရန်လိုပြီး ပြည်သူ များအဆင့်မီမီစားသုံးနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှိပြီး အရည်အသွေးမီသည့် ဆန် များ ဖြစ်ရန်လိုကြောင်း၊ Eating Quality ကောင်းပြီး ဈေးကွက်ရရှိနိုင်သည့်ဆန်များပိုမို စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဆန်အား ကမ္ဘာ့ဈေး ကွက်ရရှိရေးကြိုးပမ်းရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
နဝင်းချောင်းတံတား(အဆုံ) ရေရှည်တည်တံ့ခိုင်မြဲရေးဆောင်ရွက်လျက်ရှိမှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နဝင်းချောင်းတံတား(အဆုံ)နေရာသို့ ရောက်ရှိကြပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတိုက်စားမှုကြောင့် တံတား ပြိုကျပျက်စီးခဲ့မှုအား ၄ လမ်းသွားတိုးချဲ့တည်ဆောက်ပြီးစီးမှု၊ တံတားရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တံတားချဉ်းကပ်ရေလမ်းအနီး မြစ်ကြောင်းဖြောင့်ခြင်း၊ မြေထိန်းနံရံ များပြုလုပ်ခြင်း၊ သောင်တူးဖော်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေ အနေများကိုကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆောင်းနေကြာ ဧက ၈၀ စိုက်ခင်း ဆောင်ရွက်ထားရှိမှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဆောင်းနေကြာ ဧက ၈၀ စိုက်ခင်း နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ယခင်နှစ်၊ စက်တင်ဘာလအတွင်း ဖြစ် ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားသည့် ရှောက်ကုန်းကျေးရွာအနီးရှိ လယ်မြေများအတွင်း ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးထားရှိမှု၊ ဆောင်းနေကြာစိုက် ခင်းအတွင်း ရေဆင်းစပ်မျိုးနေကြာ-၁ အမျိုးအစားအားစိုက်ပျိုးထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီကို ပြည်ပမှနှစ်စဉ်တင်သွင်းရလျက်ရှိသ ဖြင့် ဆီထွက်သီးနှံများကို ဖြစ်ထွန်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ရအောင် ဆောင်ရွက်နိုင်မည်ဆိုပါကစားသုံးဆီဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ အောင်မြင်အောင်ဆောင်ရွက်ပြီး အထွက်နှုန်းများကောင်းမွန် အောင်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားပြီး ဒေသခံစိုက်ပျိုးရေးတောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကံကြီးမွေးမြူရေးဇုန်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ကံကြီးမွေးမြူရေးဇုန်သို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်နှင့် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန် တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဇုန်များအလိုက် မွေးမြူရေးလုပ်ငန်းများအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိမှုနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပြီး သာယာဝပြောသည့်နိုင်ငံဖြစ်ပေါ်စေရန်၊ နိုင်ငံတွင်စားရေရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများအားလုံးဝဝလင်လင်ဖြင့် အာဟာရ ပြည့်ဝစွာကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်ဟူသည့် မူဝါဒများပင်ဖြစ်ကြောင်း၊ ဒေသအလိုက် အသား၊ ငါး၊ ဥအမျိုး မျိုးနှင့် ဟင်းသီးဟင်းရွက်များဖူလုံစေရေးအတွက် နိုင်ငံအတွင်း စိုက်ပျိုးမွေးမြူရေးဇုန် များကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ဒေသ တွင်းစားသုံးမှုဖူလုံရေးကို ကနဦး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှု ဖူလုံရေးကို ဆောင်ရွက်ပြီးပါက ပြည်ပသို့ တင်ပို့နိုင်ရေးဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့နေသူများဖြစ်၍ သား၊ ငါး၊ ဥ များ ဖူလုံစွာ စားသုံးနိုင်ရန်လိုကြောင်း၊ အလားတူ ကျေးလက်နေပြည်သူများ တွင် ဒေသအလိုက် မွေးမြူရေးများရှိသဖြင့် စနစ်တကျမွေးမြူရန်လိုကြောင်း၊ ဒေသ တွင်းရှိသည့် လူဦးရေနှင့်အသားစားသုံးနိုင်မှုအချိုးကို တွက်ချက်၍ တစ်နေ့လိုအပ် ချက်၊ တစ်လလိုအပ်ချက်၊ တစ်နှစ်လိုအပ်ချက် စသည်ဖြင့် တွက်ချက်ပြီး စနစ်ကျန သည့် မွေးမြူရေးကိုဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ အပြင်အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မိမိတို့ ဒေသအလိုက် စားရေးဖူလုံရေးကို စနစ်တကျဖြင့် တွက်ချက်၍ စနစ်ကျနသည့် မွေးမြူရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုပြီး ပြည်တွင်း အသားစားသုံးမှုဖူလုံရေးကို ဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့်လည်း ခိုင်မာမှုရှိပြီးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စက်မှုထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဇုန်များအလိုက် မွေးမြူရေးထုတ်ကုန်များကို အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်၍ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံသည် များကို အသားအကြမ်းထည်တင်ပို့ခြင်း၊ MSME လုပ်ငန်းများဖြင့် ကုန်ချောပြုလုပ် တင်ပို့ခြင်းတို့ဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင် ဦးတင်မြိုင်၏ အသား တိုးဝက် မွေးမြူရေးခြံ၊ လုပ်ငန်းရှင် ဦးမြတ်စံ၏ အသားတိုးကြက်နှင့် ဥစားကြက် မွေး မြူရေးခြံ၊ ဦးတွမ်ခင်ဝင်း၏ နို့စားနွားနှင့် နွားသားပေါက် မွေးမြူရေးခြံတို့အတွင်း မွေး မြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံအနီး စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးနှင့် တောင်သူတစ်ဦး၏ ပြောကြားမှုကိုလည်း ယခုလိုပဲ ကြားသိရပါတယ် –
တာဝန်ရှိသူတစ်ဦး
တာဝန်ယူဆောင်ရွက်တဲ့ အဖွဲ့အစည်းအနေနဲ့ကတော့ စက်မှုဆိုင်ရာဦးစီးဌာနလက်အောက်မှာရှိတဲ့ စနစ်တကျ လယ်ယာမြေဖော်ထုက်ရေးအဖွဲ့(အထက်မြန်မာပြည်)လယ်ဝေးမြို့က ဝန်ထမ်းတွေကပဲ ဌာနပိုင် စက်ယန္တရားတွေ ၊ ဌာနဝန်ထမ်း တွေနဲ့ တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်။ စီမံကိန်းစတင်တဲ့ အချိန် ကာလကတော့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကစတင်ခဲ့ပြီးတော့ စီမံကိန်းပြီးစီးတဲ့ အချိန်ကာလကတော့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ဖော်ထုတ်ပြီးတဲ့ စနစ်တကျ လယ်မြေတွေပေါ်မှာ တောင်သူတွေက နွေစပါးစိုက်ပျိုးဖို့ ဆောင်ရွက်နေတာရှိပါတယ်။ ဒီနေ့အထိ ဆိုရင်တော့ စိုက်ပျိုးပြီးတဲ့ ဧကဆိုရင် ဧက ၁၀၀လောက် စိုက်ပျိုးပြီ ဖြစ်ပြီး ကျန်တဲ့ဧက ၁၇၀ကျော်လောက်ကလည်း ထွန်းယက်စိုက်ပျိုးဖို့ မြေယာပြုပြင်တာတွေ ဆောင်ရွက် လျက် ရှိနေပါတယ်။ လယ်ယာသုံးစက်ကိရိယာတွေက အချိန်မရွေး ရာသီမရွေး ရိတ်သိမ်းတဲ့ အချိန်မှာ ရိတ်သိမ်း ပြီးတော့ သယ်ပို့ပေးနိုင်တာဖြစ်တဲ့အတွက် အရေအသွေးကောင်း သီးနှံတွေလည်း ရရှိစေမှာဖြစ် ပါတယ်။ လယ်ကွက်တွေ ကလည်း ကျယ်ပြန့်ပြီးတော့ မြေယာပြန့်ပြူးတာကြောင့် နဂိုက ရေသုံးစွဲတဲ့ ပမဏ ထက်ကို လျှော့ချပြီးတော့ သုံးစွဲနိုင်မှာ ဖြစ် ပါတယ်။ လယ်ကွက်ကျယ်တွေမှာ လယ်ယာ သုံးစက်ကိရိယာတွေက စက်စွမ်းအားအပြည့် မောင်းနှင်းအသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ကျွန်တော်တို့ လောင်စာဆီသုံးစွဲမှုတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ပြီးတော့လည်း ကုန်ထုတ်လမ်းတွေ ပါဝင်တဲ့အတွက် လယ်ယာသုံး စက်ကိရိယာတွေ အချိန်မရွေးအခါမရွေး ဝင်ထွက်သွားလာပြီး လုပ်ကိုင်နိုင်တာဖြစ်တဲ့အတွက်ကို တောင်သူ တွေအနေနဲ့ တစ်သီးစားကနေပြီးတော့ နှစ်သီးစား သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် လယ်ယာလုပ်သားတွေ သုံးစွဲတဲ့နေရာမှာ လယ်ယာသုံးစက်ကိရိယာတွေနဲ့ စက်မှုလယ်ယာ စနစ်ကို ပြောင်းလဲနိုင်တာကြောင့် လယ်ယာလုပ်သားသုံးစွဲမှုကို လျှော့ချနိင်ပြီးတော့ ပိုလျှံလာတဲ့ လယ်ယာလုပ်သား တွေကို နိုင်ငံတော်ရဲ့အခြားသော ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပြောင်းလဲပြီးတော့ အသုံးချနိုင်မှာဖြစ်ပါတယ်။
တောင်သူတစ်ဦး
လယ်ယာမြေ ဖော်ထုတ်ပေးတဲ့ အကျိုးကျေးဇူးတွေကတော့ နိုင်ငံတော်ကနေ ကျွန်တော်တို့ တောင်သူတွေကို လုပ်ပေးတဲ့အတွက် အရင်တုန်းကဆိုရင် လယ်ယာ ၁၄ ကွက် လောက်ရှိပါတယ်။ အခုဆိုလို့ရှိရင်ကျွန်တော် ၄ ကွက်ပဲဖြစ်သွားပါတယ်။ ရေအနေနဲ့လည်း တော်တော်လေးအဆင်ပြေပါတယ်။ အရင်တုန်းက ကွက်စိတ်သောက်ရေ သောက်ရပါတယ်။ နိုင်ငံတော်ကနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့ အတွက် မြောင်းကနေ တိုက် ရိုက်ရပါတယ်။ နောက်ပြီးတော့ ဒီစီမံကိန်းတွေ လုပ်တဲ့ အတွက် တောင်သူအားလုံးအတွက် အကျိုးအများကြီးရှိပါတယ်။ ရေစုပ်စနစ်ပါလုပ်ပေးထားတဲ့အတွက် အကုန်လုံးအဆင်ပြေပါတယ်။ အခုလို ကျွန်တော်တို့ကို နိုင်ငံတော်ကနေ အခမဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့ အတွက်တောင်သူတွေကိုယ်စားအများကြီး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါ တယ်။