(၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်)
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
ယနေ့ ၂ဝ၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးရှိ မွန်တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ရောက်ရှိနေထိုင်ခဲ့သော လူမျိုးများတွင်ပါဝင်ပြီး ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာကို ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ရှေးဟောင်းမွန်ကျောက်စာများနှင့် စာပေအထောက်အထား များစွာမှ သက်သေခံလျက်ရှိပါသည်။
ထို့အပြင် မြတ်စွာဘုရားရှင် ပွင့်တော်မမူမီကတည်းက သထုံဒေသဝန်းကျင်တွင် သုဓမ္မဝတီတိုင်းပြည်အဖြစ်ထူထောင်ကာ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့် အနုသုခုမပညာရပ်များကို ထိန်းသိမ်းပြီး ရာမညတိုင်းအဖြစ် ဂုဏ်ကျက်သရေ တင့်တယ်စွာ ရပ်တည်ခဲ့သည်ကိုလည်း တွေ့ရပါသည်။
သီဟသုဓမ္မမင်း၊ မနူဟာမင်းစသည့် ထင်ရှားကျော်ကြားသော သာသနာပြုမင်းကောင်း မင်းမြတ်များ၊ ဝေါဆရာတော် ဦးဥတ္တမရမ္တ၊ ဦးသီလဝန္တ (မင်းရွှေငို)စသည့် ကျမ်းဂန်တတ် ရဟန်းပညာရှိများ၊ ပထမဆုံး အနောက်တိုင်းဆေးပညာရှင် ဒေါက်တာရှောလူး၊ သိပ္ပံမောင်ဝ၊ ဒေါက်တာနိုင်ပန်းလှ၊ ဒေါက်တာမင်းတင်မွန် စသည့်ပညာရှိများနှင့် စာပေပညာရှင်များ၊ ရာဇဓိရာဇ်၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသည့် သူရသတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများပေါ်ထွန်းခဲ့ပြီး သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် မွန်ပြည်နယ်အား ၃၀-၄-၂၀၂၂ ရက်နေ့မှစ၍ ခရိုင် (၄)ခုနှင့် မြို့နယ် (၁၀)ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မွန်ပြည်နယ်သည် အရှေ့ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မုတ္တမကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ပထဝီအနေအထားအရ အဓိကကျစွာတည်ရှိနေပါသည်။ ကွန်ရက်သဖွယ်စီးဆင်းနေသော သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နှင့် ဒုံသမိမြစ်တို့ဖြင့် ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။
မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါသော ဗဟိုဆိပ်ကမ်းနေရာတစ်ခုဖြစ်ပါသည်။ ထို့အပြင် ရာသီဥတုမျှတကောင်းမွန်ပြီး ရှုမောဖွယ်ရာ တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သဘာဝရေမြေသယံဇာတများ၊ ဒေသထွက်သစ်သီးဝလံများ ပေါများဖြစ်ထွန်းကြွယ်ဝပြီး ရေခံမြေခံကောင်းမွန်သော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် ထူးခြားထင်ရှားသော ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအပါအဝင် ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရား၊ ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ကျိုက်မရောဆုတောင်းပြည့်ဘုရား၊ ကျိုက္ခမီရေလယ်ဘုရား စသည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများစွာတို့ဖြင့် သာသနာ့ဂုဏ်ရောင် ထွန်းလင်း တောက်ပလျက်ရှိပါသည်။ သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နေရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများအရ အထင်အရှား တွေ့မြင်ရသည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံး အနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကိုလေးစား လိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။
စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို ခိုင်မာတောင့်တင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကိုဖြစ်ထွန်းစေပါသည်။ မျက်မှောက်ကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုကြည့်ပါက စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာတည်ဆောက်ထားကြသည်ကိုတွေ့ရှိနိုင်ပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့သော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကိုမလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေပါသည်။
ယနေ့ ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင် မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြား ရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နယ်မြေဒေသ အသီးသီးတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အခြေခံ အဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခ ရောက်နေကြရပါသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော ပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်နေပြီဖြစ်ကြောင်း အသိပေးလိုပါသည်။
ယနေ့ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုပါသည်။ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော်ကိုဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှု ရှိသော၊ အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးကို သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်လျက်ရှိသော နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ပစ္စုပ္ပန်ကာလ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးတို့၏ ပကတိလိုအပ်ချက်မှာ ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘဝဖွံ့ဖြိုး တိုးတက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းစဉ်များ အချိန်တိုအတွင်းတွင် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုပါသည်။
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရန် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူ အားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ ဒေသအလိုက် သဘာဝထွက်ကုန်ကြမ်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း MSME များကို အားပေးမြှင့်တင်လျက်ရှိပါသည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော အင်အားစုများဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းများအား ထိရောက်စွာ ပံ့ပိုးပေးခြင်းအားဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု နိုင်မည်ဖြစ်ပါသည်။ ရေခံမြေခံကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များ ကြွယ်ဝသော မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ကာ လူမှုစီးပွားဘဝ ယခုထက်ပိုမို၍ တိုးတက်လာနိုင်မှာဖြစ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်းကောင်း၊ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရာတွင် လည်းကောင်း တိုင်းရင်းသားပြည်သူ အားလုံး အသိပညာ၊ အတတ်ပညာ ပြည့်ဝရေးသည် အဓိကကျပါသည်။ ယနေ့အချိန်တွင် အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ကာ ဘက်စုံပညာဖွံ့ဖြိုး တိုးတက်အောင် ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုစောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်ရန် လိုအပ်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံသားတိုင်း အနည်းဆုံး KG+9 အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ရေးနှင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ ပေါများရေးဟူသည့် ပညာရေးမျှော်မှန်းချက်များ အောင်မြင်စေရန် ကျောင်းများတိုးချဲ့ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
အနာဂတ်တွင် ထာဝရတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးသာယာ ဝပြောသော တိုင်းပြည်ဖြစ်ပေါ်လာစေရန် အတွက် တိုင်းရင်းသား ပြည်သူအားလုံး၏ စိတ်တွင် မြန်မာဆိုသော စိတ်ထားတစ်ခုတည်း အဖြစ်ခံယူနိုင်ရေး အဓိကလိုအပ်သည့် စိတ်ဓာတ်နှင့် ပညာအရာတို့ကို မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးသည် စိတ်ဓာတ်ကောင်းမွန်ကြပြီး အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်တုံတရားများဖြင့် စည်းလုံးညီညွတ်စွာ အတူလျှောက်လှမ်းကြမည်ဆိုပါက ပြည်ထောင်စုကြီး၏ ရှေ့ခရီးသည်လည်း အစဉ်ချောမွေ့သာယာနေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး လုပ်ငန်းများတွင် မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူ အားလုံးတို့က မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံကာ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလျက် ယနေ့ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မမင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ