နေပြည်တော် ဧပြီ ၁၈
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအဆောက်အဦ၊ အလုပ်သမား ဝန်ကြီးဌာနရုံးအဆောက်အဦ၊ ဥပဒေ ရေးရာ ဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခဲ့မှု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအဆောက်အဦ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးအဆောက်အဦ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် အဆောက်အဦများထိခိုက်ပျက်စီး ခဲ့မှုများနှင့် ဝန်ထမ်းများအားယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ယာယီရုံးများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးဆောင်ရွက် ပေးထားမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုံးအဆောက်အဦများအတွင်းရှိ အရေးကြီးသည့်စာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် ရွှေ့ပြောင်း၍ ရနိုင်သည့်ပစ္စည်းများကို အမြန်ဆုံးရွှေ့ပြောင်းသွားရန်လိုကြောင်း၊ ပျက်စီး ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများဖြစ်စေရေး အတွက် ငလျင်ပညာရှင်များ၊ ဆောက်လုပ်ရေးပညာရှင်များ၏ အကြံဉာဏ်များရယူတည်ဆောက် သွားရန်လိုကြောင်း၊ အဆောက်အဦများအား တစ်လုံးတည်းကြီးမားစွာတည်ဆောက်ခြင်းထက် အကန့်လိုက်၊ အလုံးလိုက်ခွဲ၍ တည်ဆောက်မည်ဆိုပါက ငလျင်ဒဏ်ကို ပိုမိုခံနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦများစတင်ဆောက်လုပ်စဉ်ကတည်းက ရေရှည်ခိုင်ခံ့စေရန်အတွက် လိုအပ်သည့် ရေလိုင်း၊ မီးလိုင်းများကိုလည်း စနစ်တထည့်သွင်းတွက်ချက် တည်ဆောက်သွားရန်လိုကြောင်း၊ ဝန်ထမ်းမိသားစုများအတွက် ယာယီနေထိုင်မည့်နေရာများကို ဆောက်လုပ်ရာတွင်လည်း စနစ်တကျဖြင့် တည်ဆောက်ပေးသွားရန်နှင့် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများ၏ စားရေးအဆင်ပြေစေ ရေးအတွက်လည်း နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။