မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့လို မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ဟောင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရာဂိမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ရွာတချို့မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု များပြားလှတဲ့အတွက်ကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပအကူအညီတွေကိုဖိတ်ခေါ်ခဲ့သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးတက်ရောက်စဉ်မှာလည်း အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ပတ်သက်လို့ အကူအညီတောင်းခံခဲ့ပါတယ်။ ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးကြတဲ့ ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများနဲ့ အလှူငွေများကို ပေးအပ်လှူဒါန်းပေးကြတဲ့ ပြည်ပနိုင်ငံများနဲ့ ပြည်တွင်းက အလှူရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ငလျင်ဒဏ်ခံဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံးရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ကျွန်တော်တို့အစိုးရက ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်အကောင်အထည် ဖော်ပေးနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်တဲ့ အစိုးရရုံးဌာနများ ပြန်လည်တည် ဆောက်ရေး၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ရေး တို့ကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားပါမယ်။ နိုင်ငံရဲ့စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် အဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်းတွေကို အားစိုက်ခွန်စိုက် တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အလားတူပဲ MSME လုပ်ငန်း လုပ်ကိုင်နေသူအားလုံးဟာလည်း ရှိတဲ့အနေအထားအတွင်းမှာ ဖြစ်နိုင်သမျှ ကြိုးစားပြီး ကုန်ထုတ်လုပ်မှုများပြုလုပ်ကြစေလိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် လာမယ့် ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးကို အလေး ထားပြီးတော့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်ပါတယ်။ ဒါကြောင့်လည်း ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဖော်ဆောင်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးလည်းဖြစ်ပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများဖြစ်ကြတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်နှစ်ဟောင်းမှာ ကျွန်တော်တို့ ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက်တွေကို သင်ခန်းစာယူဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ နိုင်ငံတော်က ဆက်လက် လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါစို့လို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား