နေပြည်တော် ဧပြီ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးဌာနရုံး အဆောက်အဦများကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ရုံးများပြန်လည်ဖွင့်လှစ်ချိန်၌ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ၏ အဆောက်အဦများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အဆောက်အဦများအလိုက် ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ပေးရန်
လိုအပ်စာသင်ကျောင်းများနှင့် တ်သက်၍ အခြေခံပညာကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်ပေးသွားရန်လိုကြောင်း၊ ကလေးငယ်များ ကျောင်းဖွင့်ချိန်၌ ပညာသင်ကြားနိုင်ရေး ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ရန်လိုအပ်သည့် စာသင်ကျောင်းများအလိုက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆောက်အဦများ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဆေးရုံများနှင့် ပတ်သက်၍လည်း အချို့ဆေးရုံများကို စနစ်တကျဖြင့် ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း။
ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်စေရေး စနစ်တကျဖြင့် ပြန်လည်တည်ဆောက်ရန်
အစိုးရရုံးဌာနများနှင့်ပတ်သက်၍ နေပြည်တော် ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦ များအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦများမှာ ပိုမိုထိခိုက် ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်
ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အဦများကို ပြောင်းရွှေ့နေရာ ချထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်၏ မြို့အကွက်ချမှု ပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ် လျက်ရှိသည့် နိုင်ငံများမှ အဆောက်အဦများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောနေရာများကို စနစ်တကျသုတေသန ပြုလုပ်သွားရန် လိုကြောင်း၊ ပြန်လည်တည်ဆောက်မည့် အဆောက်အဦများသည် ငလျင်ဒဏ်ကို ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် အင်ဂျင်နီယာ ရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုံးဌာနအဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို ဦးစားပေးအနေဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အင်ဂျင်နီယာများက စမ်းသပ် ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း။
ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် နေရာများတွင်လည်း လုံခြုံမှုရှိစေရေးနှင့် နေထိုင်မှုများ အဆင်ပြေစေရေး အဘက်ဘက်မှကြည့်၍ စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်ရန် နေရာများ တည်ဆောက် ရာတွင် ၂ ခန်းတွဲများသာ တည်ဆောက်ပေးသွားရန်လိုပြီး ရေ၊ မီးများ လုံလောက်စွာ ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ရထားလမ်းနှင့် မော်တော်ကားလမ်းများ ကောင်းမွန်အောင်ဆောင်ရွက်
ရထားလမ်းနှင့် မော်တော်ကားလမ်းများနှင့် ပတ်သက်၍ ရထားလမ်းများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ပြုပြင်နိုင်ရေး အသေးစိတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ တံတားများကိုလည်း ဆက်လက်စစ်ဆေးသွားရန်လိုပြီး တံတားအတက်အဆင်းများ ချောမွေ့ပြေပြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းများအလိုက် သတ်မှတ်ထားသည့် မိုင်နှုန်းများအတိုင်း ချောမွေ့စွာ မောင်းနှင်နိုင်သည့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များအတိုင်း ဖြစ်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ဆည်မြောင်း
တာတမံများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်နေရန် လိုကြောင်း၊ ရေမြောင်းများ ပျက်စီးမှုရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း။
ငလျင်လှုပ်ခတ်မှုကြောင့် အချို့နေရာဒေသအချို့တွင် ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ အချို့နေရာများတွင် ရေများထွက်ရှိမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိပြီ ဖြစ်သဖြင့် ရေများလုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်လျက်ရှိမှုအခြေအနေများနှင့် လေ့လာတွေ့ရှိချက်များ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလျက်ရှိမှုနှင့် ဖြန့်ခွဲပေးလျက်ရှိမှု အခြေအနေများ၊ လမ်း၊ တံတားမျာပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်သွယ်မှုများ ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့မှုနှင့် အဆင့်လိုက်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဝန်ကြီးဌာန များအလိုက် ရုံးဌာနအဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေများ၊ ယာယီဆေးရုံများ ဖွင့်လှစ်ကုသ ပေးလျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငလျင်ဒဏ်ခံစားခဲ့ရသည့်ဒေသများမှ ပြည်သူများ အနေဖြင့် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိမှု အခြေအနေများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း
မိသားစုများအား ယာယီနေထိုင်ရေး နေရာများ၌ နေရာချထားပေးမှု၊ ယာယီနေထိုင်ရေးစခန်းများ၌ နေထိုင်လျက်ရှိသူများ၏ ကျန်းမာရေးအတွက် ကာလဝမ်းရောဂါကာကွယ်ဆေးများ တိုက်ကျွေးသွား ရန်လိုအပ်မှု၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု စာရင်းများ စနစ်တကျပြုလုပ်ပေးသွားရန် လိုအပ်မှု၊ ငလျင်ဒဏ်သင့်ဒေသများတွင် ဈေးကားများဖြင့် ရောင်းချပေးလျက်ရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကအားဖြင့် လုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးပြတ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အားလုံး တက်ညီလက်ညီဖြင့် ဆောင်ရွက်မည်ဆိုပါက အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား သွားနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ အနေဖြင့် ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများ၌ တက်ရောက် ကုသလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ လာရောက်၍ ဖွင့်လှစ်ပေးထားသည့် ယာယီဆေးရုံများ၌လည်း ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိခိုက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလာသည့် ပြည်သူများကို နိုင်ငံတော်မှကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧပြီလ ၁၇ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့အနေဖြင့် ကူညီဆောင်ရွက် ပေးမည်ဟုပြောကြားခဲ့ကြောင်း။
ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ရေရှည်ကိုမြော်တွေးပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက် အဦများ အနေဖြင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ဒီဇိုင်းများအတိုင်း ဆောင်ရွက်ခြင်း မရှိခဲ့မှုများအပေါ် ပြန်လည်စိစစ်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။