၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

ရဲဘော်တို့

          ဒီနေ့ဟာ နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်တယ်။ တစ်နည်းအားဖြင့် တပ်မတော်ဟာ သူတစ်ပါးဩဇာခံဘဝကနေ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ အမျိုးသားတပ်မတော်အဖြစ် ကူးပြောင်းခဲ့တာကို ကမ္ဗည်းမော်ကွန်းတင်ခဲ့တဲ့နေ့ ဖြစ်သလို နိုင်ငံ့လွတ်လပ်ရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသား ပြည်သူတွေ လက်တွဲပြီး ဖက်ဆစ်ဝါဒီတွေကို စတင်တွန်းလှန် မောင်းထုတ်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ ဒို့တပ်မတော်ရဲ့သမိုင်းကြောင်းဟာ မျက်မှောက် ခေတ်နိုင်ငံတော် ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ တစ်သားတည်းဆက်စပ်နေတာ ကြောင့် နှစ်(၈၀)ပြည့်မြောက်တဲ့ ဒီနေ့ဟာ ဒို့တပ်မတော်အတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ ဖြစ်လို့ ဒီလိုသမိုင်းဝင်နေ့ထူးနေ့မြတ်မှာ ရဲဘော်တို့ကို သိသင့် သိထိုက်တာတွေ အလေးထား မှာကြားသွားမှာဖြစ်တယ်။

ရဲဘော်တို့

          ဒို့နိုင်ငံရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာ အားကောင်းတဲ့ကာလတွေမှာ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယ မြန်မာ နိုင်ငံတော်ရယ်လို့ ထည်ဝါခန့်ညားစွာ ရပ်တည်နိုင်ခဲ့တာကို တွေ့ရှိရတယ်။ ကိုလိုနီ နယ်ချဲ့တွေဟာ သယံဇာတပေါကြွယ်ဝတဲ့ ဒို့နိုင်ငံကို ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နဲ့ ၁၈၈၅ ခုနှစ် တို့မှာ မတရားကျူးကျော်စစ် ၃ ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့တာကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေး နဲ့ အချုပ်အခြာအာဏာ လုံးဝလက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒို့နိုင်ငံ ကိုလိုနီဘဝကျရောက်ခဲ့ ချိန်မှာတော့ နယ်ချဲ့တွေဟာ ကာလကြာရှည် ကျွန်ပြုနိုင်ဖို့အတွက် ပရိယာယ်အမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားတွေအကြား အချင်းချင်းမယုံကြည်မှုတွေဟာ လွတ်လပ်ရေးရပြီးချိန်မှာ အယူဝါဒကွဲပြားမှုတွေနဲ့ ရောယှက်ပြီး ကြီးမားတဲ့ လက်နက်ကိုင်ပဋိပက္ခကိုဖြစ်စေခဲ့တယ်။ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုဟာ ၁၉၄၉ ခုနှစ်မှာ ပိုမို ဆိုးရွားလာခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ရန်ကုန်အစိုးရလို့ ခေါ်ရတဲ့ အနေအထားကနေ အသက်၊ သွေး၊ ချွေး များစွာပေးဆပ်ပြီး တိုင်းပြည်ကို ကယ်တင်ပေးနိုင်ခဲ့တယ်။

          တပ်မတော်အနေနဲ့ ပြည်တွင်းသောင်းကျန်းမှုတွေအပြင် တရုတ်ဖြူ(ကူမင်တန်)နဲ့ မူဂျာဟစ်ကုလားဆိုးတွေရဲ့ ပြည်ပကျုးကျော်မှုတွေ နှိမ်နင်းခဲ့ရတာ စွဲစွဲမြဲမြဲမှတ်ထား ကြဖို့လိုသလို အဲဒီအချိန် အဲဒီကာလမှာ ပါတီအကွဲအပြဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကိုလည်း အိမ်စောင့်အစိုးရအဖြစ် ၁၉၅၈ ခုနှစ်မှာတာဝန်ယူပြီး နိုင်ငံတော်ကြီးတည်ငြိမ်အောင် အခက်ခဲမျိုးစုံကြားက ဖြေရှင်းဆောင်ရွက်ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် တိုင်းပြည် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ၁၉၆၂ ခုနှစ်မှာလည်း တပ်မတော်ကပဲ ကာကွယ်စောင့်ရှောက် ပေးခဲ့ရပြန်တယ်။

          ဒါ့အပြင် ၁၉၈၀ အလွန်ကာလ အဲဒီအချိန်က အာဏာရပါတီရဲ့ အားနည်းချက် တွေကြောင့် ၁၉၈၈ ခုနှစ်မှာ ဆူပူအုံကြွမှုတွေနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေဖြစ်ပေါ် လာပြီး အုပ်ချုပ်ရေးယန္တရားတွေ ထိခိုက်ပျက်စီးလာချိန်မှာလည်း တပ်မတော်ကပဲ တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ပြည်သူအများလိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က ပုံဖော်ပေးခဲ့ပြီး ဒီမိုကရေစီအစိုးရ ၂ ဆက် မှာ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်စေရေးအတွက် တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက် ပေးခဲ့တယ်။

          ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အာဏာရပါတီဟာ အလွန်ရုပ်ဆိုးအကျည်းတန်တဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့ကြတယ်။  ဒီလုပ်ရပ်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့နိုင်ငံရေးလုပ်ရပ်ဖြစ်ခဲ့တယ်။ တပ်မတော်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး လွှတ်တော်ခေါ်၊ နိုင်ငံတော်အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ အဓမ္မရယူဖို့လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ ဒို့တပ်မတော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ လက်ရှိအချိန်အထိ ခေတ်အဆက်ဆက် မှာ ဒို့တာဝန်အရေးသုံးပါးကိုထိပါးလာမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့လာရတိုင်း နိုင်ငံတော်နဲ့ ပြည်သူအတွက် စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ပေးခဲ့သလို အနာဂတ်ကာလမှာလည်း ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

          ဒို့နိုင်ငံမှာ ခေတ်စနစ်ရဲ့တောင်းဆိုချက်အရ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကိုဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားခြင်းမဟုတ်ဘဲ နယ်ပယ်ကဏ္ဍ အသီးသီးက ကိုယ်စားလှယ် ၁,၀၀၀ ကျော်ပါတဲ့ အစုအဖွဲ့ ၈ ဖွဲ့နဲ့ အမျိုးသား ညီလာခံတစ်ရပ်ကျင်းပပြီး ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းများအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့ကြတာဖြစ်တယ်။

          ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၀(စ)မှာ “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”လို့ အတိအလင်း ပြဋ္ဌာန်း ထားတာနဲ့အညီ ဒို့တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက်ရှိတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆(စ)မှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ဒို့တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးတာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်လျက်ရှိတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးအပေါ်မှာ အခြေခံပြီး နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ထာဝရတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေး ဆိုတာ ပါတီနိုင်ငံရေးမဟုတ်ဘဲ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့ နိုင်ငံ့အရေးဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

          တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ချိန် အစောပိုင်းကာလမှာ ဆူပူဆန္ဒပြမှုတွေသာ ဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီအချိန်က လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်းလိုခြင်းမရှိဘဲ လူထုရဲ့ စိတ်ခံစားချက်ကိုအသုံးချပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံတရားကင်းမဲ့စွာ သွေးထိုးလှုံ့ဆော်လာခဲ့ကြတယ်။ အဲဒီကမှ တစ်ဆင့် NUG ၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့တာကို တွေ့ရမှာပဲ ဖြစ်တယ်။ အဲဒါတွေနဲ့အတူ နိုင်ငံတော်အကျိုးကို မလိုလားတဲ့ ပြည်ဖျက် မီဒီယာတွေဟာ လည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုကြီးထွားလာစေဖို့ အထောက်အပံ့မျိုးစုံ ရယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်လာခဲ့ကြတယ်။ အစိုးရ အုပ်ချုပ်မှုယန္တရားတွေ ဆက်ပြီးမလည်ပတ်နိုင်စေဖို့နဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်နဲ့ပြည်သူ အပေါ် သစ္စာမဲ့ကာ စွန့်ခွာသွားစေဖို့ လှုံ့ဆော်တာတွေ လုပ်ဆောင်ခဲ့ကြသလို တစ်ဖက် ကလည်း ခံယူချက်သဘောထားအမြင်ချင်း မတူညီသူတွေ၊ သူတို့ကို မထောက်ခံတဲ့သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခြင်းဖြင့် ပြည်သူတွေကြားမှာ အကြောက် တရား ကြီးစိုးလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခဲ့ကြတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ ပြည်ပအထောက်အပံ့ တွေနဲ့အတူ ကြိုးစားလာခဲ့ခြင်းဖြစ်တယ်။

          ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ဟာလည်း နိုင်ငံအတွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို အခွင့်ကောင်းယူပြီး PDF အမည်ခံ အကြမ်းဖက်သမား တွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ၊ သူတို့ အလိုကျ ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ မြို့ရွာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ၊ မီးရှို့ ဖျက်ဆီးတာတွေ၊ နိုင်ငံပိုင်အဆောက်အဦ၊ လမ်း၊ တံတား၊ ယာဉ်နဲ့ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး တာတွေ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင် ခဲ့ကြတယ်။ အထူးသဖြင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ် ကျင့်သုံးနေတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်။

          နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေကြတဲ့ အကြမ်းဖက်သောင်းကျန်းသူ တွေရဲ့ တိုက်ပွဲဖော်ဆောင်လာမှု တွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်း ဥစ္စာတွေနဲ့ မြို့ရွာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူအားလုံးက အလွန်ရွံရှာစက်ဆုပ် မုန်းတီးနေကြပြီဖြစ်တယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှု တွေကို လက်မခံနိုင်သလို ဒို့တာဝန်အရေးသုံးပါးကိုထိပါးလာတဲ့ လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်တွေကိုလည်း လုံးဝလက်သင့်ခံလို့မရတဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာ ဖြစ်တယ်။

          မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ် တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိတာကြောင့် ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တဲ့စိတ်ဓာတ်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်။

ရဲဘော်တို့

          နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက်လုပ်ဆောင်ရာမှာ  ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုအပ်တာကြောင့် ပြည်သူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိဆောင်ရွက် နိုင်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်လျက်ရှိတယ်။ ဒီလို ဖော်ဆောင်ရာမှာ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်၊ စည်းစည်း လုံးလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်။

          ဒါ့အပြင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့ အညီ သတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့အကျုံးဝင်တဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ် ရေးတာဝန်တွေကို ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက် သွင်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိတယ်။ ပြည်သူ့စစ်မှုထမ်းတွေဟာ အလွှာပေါင်းစုံက ဝင်ရောက်တာဝန်ထမ်းဆောင် ကြသူတွေဖြစ်ပေမယ့်လည်း အတူစုပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရောင် အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူတွေဖြစ်လာပြီးတော့ နောင်တော်တပ်မတော် သားတွေနဲ့အတူလက်တွဲပြီး နိုင်ငံတစ်ဝန်း တာဝန်ကျရာတပ် အသီးသီးမှာ ကိုယ်စီတာဝန်တွေ ထမ်းဆောင်နေကြပြီဖြစ်တယ်။ ဒါကြောင့် တာဝန်သိနိုင်ငံ့ သားကောင်းတွေဟာ ပြည်သူ့စစ်မှုထမ်းတွေ အဖြစ်ခိုင်မာတဲ့အင်အားစုတစ်ရပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားလိုတယ်။

ရဲဘော်တို့

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ခိုင်မာစွာအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ တယ်။ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်အနေနဲ့ ကျရာကဏ္ဍကနေ ပါဝင် ဆောင်ရွက်သွားကြရမှာဖြစ်တယ်။

          ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံး ညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့ လိုအပ်တယ်။ ပြည်ထောင်စု စိတ်ဓာတ်ဟာ အတိတ်သမိုင်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရင်းခံဖြစ်ခဲ့သလို အနာဂတ် ဒီမိုကရေစီနိုင်ငံတော် အတွက်လည်း အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒို့နိုင်ငံမှာ တိုင်းရင်းသား အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်သူတွေဖြစ်လို့ အရေးကြုံလာရင် ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်နဲ့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်းတစ်သားတည်းရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့ အရေးကြီးဆုံးနဲ့ အလိုအပ် ဆုံးဖြစ်တယ်ဆိုတာပြောကြားလိုတယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”  ဆိုတဲ့စကားအတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှု အင်အားတွေနဲ့အတူ တက်ညီလက်ညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့ရည် မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုတယ်။

          ဒီလိုတည်ဆောက်နိုင်ဖို့လုပ်ဆောင်ရာမှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး နဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးတယ်။ ဒို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမှာဖြစ်တယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်း ကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်။ နိုင်ငံရေး နည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံအသိပေး ပြောကြားလိုတယ်။

ရဲဘော်တို့

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင် ချိန်ကစပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်တွေ ချမှတ်ဆောင်ရွက်ခဲ့တယ်။ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော် အာဏာလွှဲအပ်နိုင်ရေး ဦးတည်ထားပြီး ရွေးကောက်ပွဲကို သတ်မှတ် ကာလအတွင်း ပြန်လည်ကျင်းပပေးဖို့ တစိုက်မတ်မတ်ချမှတ် ထားတယ်။

          နိုင်ငံ့တာဝန် ထိန်းသိမ်းပေးနေတဲ့ တပ်မတော်ရဲ့ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ယခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက် လျက်ရှိရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေတွေ အပေါ်မူတည်ပြီး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်။ တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်ရရှိဖို့၊ ပြည်သူလူထုရဲ့ စစ်မှန်တဲ့လိုလားချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဖြစ်စေဖို့နဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေ တယ်။

ရဲဘော်တို့

          ဒို့တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် တပ်တိုင်း ရဲဘော်တိုင်းမှာ“စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှု” ဆိုတဲ့ အခြေခံအရည်အချင်း(၅)ပါးနဲ့ ပြည့်စုံဖို့လိုအပ် တယ်။ အဲဒီအခြေခံအရည်အချင်းတွေနဲ့ပြည့်စုံပြီး အင်အားတောင့်တင်းတဲ့ တပ်မတော် တစ်ရပ်ဖြစ်လာစေဖို့အတွက် “လေ့ကျင့်ရေးနှင့်တည်ဆောက်၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်၊ သက်သာချောင်ချိရေးနှင့်တည်ဆောက်၊ စိတ်ဓာတ်နှင့်တည်ဆောက်” ဆိုတဲ့ တပ်တည် ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်နဲ့အညီ တည်ဆောက်သွားရမှာဖြစ်တယ်။

          တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်လျက်ရှိပြီး တပ်တွေရဲ့လေ့ကျင့်မှုတွေမှန်ကန်မယ်၊ အုပ်ချုပ်ထောက်ပံ့မှုတွေကောင်းမွန်မယ်၊ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးမှုတွေ ပြည့်ဝနေမယ်ဆိုရင် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအပေါ် ခင်မင်တွယ်တာမှု၊ တပ်မတော်အပေါ် လေးစားယုံကြည် အားကိုးမှု၊ တပ်မတော်နဲ့ နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံလိုမှု စတဲ့စိတ်ဓာတ် ကောင်းတွေ ဖြစ်ပေါ်လာမှာပဲဖြစ်တယ်။ အဲဒီလိုစိတ်ဓာတ် ကောင်းတွေနဲ့အတူ စည်းလုံး ညီညွတ်မှု ခိုင်မာအားကောင်းတဲ့ တပ်ဖွဲ့တစ်ခုကို တည်ဆောက်ထားနိုင်မှသာ နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်လို့ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄)ရပ်ကို အလေးထားဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြား လိုတယ်။

ရဲဘော်တို့

          ဒို့တပ်မတော်သားတွေဟာ အများသူငှာလုပ်ဆောင်နိုင်ဖို့ ခက်ခဲတဲ့ နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့သူတွေဖြစ်တာကြောင့် စိတ်ဓာတ် ကြံ့ခိုင်မှုရှိဖို့ အထူးလိုအပ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အနိုင်မခံ၊ အရှုံးမပေးချင်တဲ့ စိတ်ဆန္ဒကနေ ဖြစ်တည်လာတာကြောင့် ရဲဘော်တို့အနေနဲ့ “တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့်စိတ်ဓာတ်”စတဲ့ တပ်မတော်ရဲ့စိတ်ဓာတ် တွေကို လေ့ကျင့်မွေးမြူထားကြရမှာ ဖြစ်တယ်။ ဒါမှသာ နိုင်ငံတော်နဲ့ တပ်မတော်ကပေးအပ် လာတဲ့ တာဝန်တွေကို အသက်ကိုပဓာနမထားဘဲ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကျေပွန်အောင်  ထမ်းဆောင်နိုင်မှာဖြစ်တယ်။ အဲဒီလို တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒို့တပ်မတော်ဟာ စည်းကမ်းကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် တစ်ဦးချင်းကိုယ်စီ စည်းကမ်းလိုက်နာမှုဟာ အရေးကြီးတယ်။ ဒို့တပ်မတော် ဒီနေ့အချိန်ထိ မယိမ်းမယိုင် ရပ်တည်နိုင်ခြင်းဟာ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကြောင့် ဖြစ်တယ်။ ဒို့တပ်မတော်သားအားလုံးအနေနဲ့ စစ်သည်တော်ကောင်း တစ်ဦးဖြစ်ဖို့ အခြေခံဖြစ်တဲ့ ကျင့်ဝတ် ၆၀ ပါးကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာ စောင့်ထိန်းကြရမှာဖြစ်သလို စစ်မြေပြင် စည်းကမ်းတွေ၊ လုပ်ငန်းခွင်စည်းကမ်းတွေ၊ နယ်ဘက်ဆိုင်ရာစည်းကမ်းဥပဒေတွေ၊ နိုင်ငံ တကာမှာ လက်ခံကျင့်သုံးနေတဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) တွေကိုလည်း တိကျစွာလိုက်နာကြဖို့ လိုအပ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစား လိုက်နာတဲ့ စစ်သည်တော်ကောင်းတွေဖြစ်အောင် ကျင့်ကြံ နေထိုင်သွားကြဖို့ အလေးအနက် ထားမှာကြားလိုတယ်။

ရဲဘော်တို့

          ရယူခြင်း၊ ခံစားခြင်းဆိုတာ သက်ရှိသတ္တဝါတိုင်း ပြုမူကြ တာဖြစ်ပေမယ့် စွန့်လွှတ်ခြင်း ဆိုတာကတော့ မြင့်မြတ်တဲ့ လူသားတချို့သာပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ မိမိ တိုင်းပြည်အတွက်၊ မိမိပြည်သူအတွက်၊ မိမိနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအတွက် မိမိအသက်ခန္ဓာကို ပေးလှူစွန့်စားခြင်း ဆိုတာကတော့ အာဇာနည်သူရဲကောင်း စိတ်ဓာတ် ပိုင်ရှင်တွေသာ ပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ အဲဒီအမူအကျင့်တွေနဲ့ ပြည့်ဝနေသူ တွေဟာ အများတကာလုပ်ဆောင်ဖို့ ခဲယဉ်းတဲ့ တာဝန်တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရချိန်မှာ စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ဆောင်ရွက်ကြသလို နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လို အခက်အခဲ ကိုမှ အမှုမထားဘဲ မိမိအသက်ခန္ဓာကို စွန့်လွှတ်နိုင်တဲ့အထိ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ ပြောင်မြောက်တဲ့ သူရသတ္တိတွေနဲ့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လေ့ရှိကြတယ်။ ဒါတွေဟာ စစ်သည်တော်ကောင်း တစ်ဦးမှာရှိအပ်တဲ့ အရည်အချင်းတွေဖြစ်ပြီး ဒီလိုခိုင်မာတဲ့ သန္နိဋ္ဌာန် စိတ်ဓာတ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ရင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားတွေ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေအားလုံးကို ပြည်သူ့သားကောင်းအာဇာနည်တွေအဖြစ် အစဉ်အသိအမှတ်ပြု လေးစားဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ ဒါ့အပြင် လေးချက်သောသစ္စာကို နေ့စဉ် ရွတ်ဆိုပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ရဲဘော်  တို့ဟာလည်း အမိနိုင်ငံတော်ရဲ့ မြတ်နိုးတန်ဖိုး ထားဖွယ်ရာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုတယ်။

ရဲဘော်တို့

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက် တွေဖြစ်တဲ့-

          –        ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိက လုပ်ငန်းကြီး(၃)ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအား ကျရာ အခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။

          –        နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။

          –        နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာ နိုင်သည့် ဘေးအန္တရာယ် များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက် ပေးရေး။

          –        ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်း လာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရေး။

          စတဲ့ ဦးတည်ချက်တွေနဲ့အညီ ပြည်သူလူထုက ယုံကြည် အားထားရတဲ့ တပ်မတော် သားကောင်းတွေအဖြစ် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် မှတ်တမ်း ရေးထိုးသွားကြပါလို့ အလေးအနက်ထားမှာကြားရင်း နိဂုံးချုပ် လိုက်တယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။