နေပြည်တော် ဧပြီ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို စစ်ကိုင်းမြို့ရှိ အသင်္ခရာဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဆုံးရှုံးမှုများမှတစ်ဆင့် မိမိတို့အတွက် သင်ခန်းစာများလည်းရရှိခဲ့ကြောင်း၊ အဆိုပါသင်ခန်းစာများကို ဖော်ထုတ်၍ နောင်အချိန်တွင် ယခုကဲ့သို့ထပ်မံကြုံတွေ့ရချိန်၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနည်းပါးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးမှာ ရှောင်လွှဲ၍မရသော်လည်း ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့နိုင်ငံ၌ သဘာဝဘေးဒဏ်များ ကျရောက်ခဲ့ချိန်များတွင်မိမိတို့အနေဖြင့် အခက်အခဲများကြားမှအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မိုခါမုန်တိုင်းဝင်ရောက်ခဲ့ချိန်နှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ချိန်၌လည်း သဘာဝဘေးဒဏ်ကိုခံစားခဲ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း။
မိမိအနေဖြင့် ငလျင်လှုပ်ခတ်ပြီးချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်စေခဲ့ကြောင်း၊ အခြေအနေအား သုံးသပ်၍ ငလျင်ဒဏ်သင့်ဒေသများအား အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း၊ ချက်ချင်း Video Message ရိုက်ကူး၍ နိုင်ငံတော်နှင့် နိုင်ငံတကာသို့အသိပေးခဲ့ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီများ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့သဖြင့် အချို့ပိတ်မိနေသူများကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အားလုံးမှ တက်ညီလက်ညီ ဖြင့်ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက်ယခုအခြေအနေသို့ ပြန်လည်ရောက်ရှိလာ ခြင်းဖြစ်ကြောင်း။
ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည် မိမိတို့နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းငလျင်များအနက် ဒုတိယအပြင်းဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးပင်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအဆောက်အဦများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ စစ်ကိုင်းမြို့(အင်းဝ)တံတားအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ရေကြောင်း သွားလာမှုများ အဆင်ပြေစေရေးအတွက် အဆိုပါတံတားမှပြိုပျက်ခဲ့သည့် သံပေါင်အချို့အားမိုးရာသီမတိုင်မီ ဖယ်ရှားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားကိုလည်း ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိပျက်စီးသွားသည့် အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော်မှသင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများအလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသကဲ့သို့ မိမိတို့ကိုယ်တိုင်မှလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နေရာချထားမှု Town Plan များစနစ်တကျပြန်လည်ရေးဆွဲပြီး မြို့၏ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့်လည်းကောင်းစေချင်သည့်စိတ်ဖြင့်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊မြို့တည်ဆောက်ရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီသည့် လမ်းများ၊ မြို့ကွက်များဖြစ်ရန်လိုကြောင်း။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ယခင်မိမိတို့နိုင်ငံ၌ အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၈ အဆင့်ထိခံနိုင်သည့် အဆောက်အဦ၊လမ်းတံတားများဖြစ်အောင် တည်ဆောက်သွားကြရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီတည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ မိမိတို့လက်ထက်တွင် စနစ်တကျတည်ဆောက်မှုများသည် မိမိတို့၏ နောင်လာ နောက်သားမျိုးဆက်များအတွက်ပင်ဖြစ်သဖြင့် ရေရှည်ကိုကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်မှာရှောင်လွှဲ၍မရကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦများအားပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပျက်စီးသွားသည့်အဟောင်းများနေရာတွင် အသစ်များဖြင့် အစားထိုးတည်ဆောက်နိုင်ရုံသာမက ယခင်ထက်ပိုမိုသာလွန်ကောင်းမွန်စွာ တည်ဆောက်သွားမည်ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သကဲ့သို့ မိမိတို့ဒေသ အလိုက်ရှိ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် MSME ထုတ်ကုန်များကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသတွင်းထုတ်ကုန်များတိုးတက်ခြင်းဖြင့် ဒေသစီးပွားတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်မိမိတို့ဒေသအလိုက်ရှိ ပြည်သူလူထုကိုနားလည်သိရှိအောင် တိုက်တွန်းပြောကြား၍ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်ဆောင်ရွက်ပေးကြစေလိုကြောင်း။
ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်ကထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Green City ၊ Clean City ၊ Smart City ဖြစ်စေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းပညာတတ်များပေါကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်ပညာတတ်များပေါကြွယ်ဝရေးအတွက်လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အသက်အရွယ်ကြီးရင့်ပြီး အတန်းပညာမတက်ရောက်ခဲ့ရသူများအတွက်လည်း စာကြည့်တိုက်များ၊ ပညာပေးအစီအစဉ်များနှင့် ကျောင်းပြင်ပ ပညာရေးကို ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးမိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း။
ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့ရှိခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအားခုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊အလားတူစစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်းကြီးကိုလည်း ပွဲကြည့်စင်ပါဝင်သည့် အဆင့်မီအားကစားကွင်းကြီးအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှဒေသအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ ဒေသတွင်းနေထိုင်သူများအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါရပ်ရွာတွင်နေထိုင်ကြသူများတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသအလိုက်တိုးတက်စေရေး အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၅၀ ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၆၀ ကိုပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးကလည်းကောင်း လက်ခံရယူသည်။
ထို့နောက် ရပ်မိရပ်ဖများက ယခုကဲ့သို့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ပြီးချိန်တွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မိမိတို့ဒေသများသို့ နှစ်ကြိမ်တိုင်တိုင်လာရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာရောက်ဝိုင်းဝန်းဆောင်ရွက်ပေးမှုအပေါ် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ထို့အပြင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး မမျှော်လင့်သော ရန်ပုံငွေများပေးအပ်မှုအတွက်လည်း ရပ်မိရပ်ဖများအနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းပြောကြားပြီး စာသင်ကျောင်းများ ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်မှု၊ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ဖယ်ရှားရှင်းလင်းရန်အတွက် စက်ပစ္စည်းကိရိယာများထပ်မံလိုအပ်မှုအခြေအနေများကို အသီးသီးပြောကြားကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့သည်။