နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းမြို့(အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုအခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်  ဧပြီ  ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့(အင်းဝ)တံတားပြိုကျပျက်စီးခဲ့မှုနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့်   ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့(အင်းဝ)တံတားပြိုကျပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြိုကျပျက်စီးခဲ့သည့် တံတားသံပေါင်များအား ရှင်းလင်းဖယ်ရှားနိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဓိကရေလမ်းကြောင်းများပေါ်တွင် ကျရောက်လျက်ရှိသည့် တံတား အပိုင်း ၄ နှင့် ၅ တို့မှ   သံပေါင်များအား မိုးမကျမီကာလအတွင်း ဆယ်ယူဖယ်ရှားနိုင်ရေးလုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်၍ ရေလမ်းကြောင်း အစုန်/အဆန် ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်သွားရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရတနာစေတီဆင်များရှင်ဘုရားကြီးသို့  ရောက်ရှိပြီးအပျက်အစီးများ   ရှင်းလင်းနေမှုအပေါ်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်   လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့  ရောက်ရှိကြပြီးငလျင်ဘေးဒဏ်သင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း၌ နေရာချထားမှုများနှင့်စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ပြုပြင်၍ရနိုင်သေးသည့်  ကျောင်းဆောင်များအား    ကျောင်းဖွင့်ချိန်မတိုင်မီစနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊    ပြုပြင်၍မရသည့်အန္တရာယ်ရှိကျောင်းဆောင်များကို စနစ်တကျဖြိုချသွားရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်    စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကြပြီး   ယာယီဆေးရုံအတွင်း  ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံပြည်သူများအားဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှုများနှင့်လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးထားမှုများကိုကြည့်ရှု၍အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက်   ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်သူ့ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်    ပါရမီရပ်ကွက်ရှိနှစ်(၇၀၀)ပြည့်အားကစားကွင်း၌ အခြေပြု၍ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင် ရွက်ပေးရန်ရောက်ရှိနေသည့်မလေးရှားနိုင်ငံမှဆေးကုသရေးအဖွဲ့များ၏ ယာယီဆေးရုံဆောက်လုပ်လျက်ရှိသည့်နေရာသို့ရောက်ရှိကြပြီး  ဆေးကုသရေးအဖွဲ့များအား  ရင်းရင်းနှီးနှီးတစ်ဦးချင်းနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ယာယီဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီးမလေးရှားနိုင်ငံမှဆေးကုသရေးအဖွဲ့များအတွက် သစ်သီးခြင်းများကိုပေးအပ်ရာ အဖွဲ့ခေါင်းဆောင်ကလက်ခံရယူပြီး  မလေးရှားနိုင်ငံ  ဆေးကုသရေးအဖွဲ့၏    အထိမ်းအမှတ်တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ထံ အမှတ်တရလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်ဇနီးဒေါ်ကြူကြူလှနှင့်   အဖွဲ့ဝင်များလိုက်ပါ၍    သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ   ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား   ဖူးမြော်ကြည်ညိုကာငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ   ဘုရား၊ စေတီပုထိုးများ  ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှလှူဒါန်းသည့် အလှူငွေကျပ် သိန်း၂၀၀ နှင့် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၁၅၀၀ တို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင်သဘာဝဘေး ကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ရရှိစေရန် အမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်တွင် အဆောက်အဦ ပျက်စီးနေမှုအားရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကို ရှင်းလင်းဖယ်ရှားနေမှုများကို   ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားပြီးရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားသို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌   ရှေးမူလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးသို့ရောက်ရှိကြပြီး ဘုရားကြီးစောင်းတန်းနှင့် သာသနိကအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများနှင့်   ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြင်ဆင်မှုလုပ်ငန်းများအား မိုးမကျမီပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊  တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သဖြင့်စနစ်တကျထိန်းသိမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်မဟာမုနိဘုရားကြီးအား ပန်းရေချမ်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရားသို့ ရောက်ရှိကြပြီး ငလျင်ဒဏ်ကြောင့် ဘုရားကြီးစတင် တည်ထားချိန်ကာလကတည်းက တပ်ဆင်ထားရှိသည့် အမြင့် ၁၇ ပေ ၄ လက်မ၊ အနံ၅ ပေ ၂ လက်မ၊  ခန့်မှန်းအလေးချိန် သုည ဒသမ ၈၅ တန်ရှိသော ရှေးဟောင်းတံခါးကြီးနှစ်ချပ်အနက်  တစ်ချပ်သည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားချိန်၌ အပေါ်အောက်ရွေ့လျားလှုပ်ခတ်၍ တပ်ဆင်ထားသည့် နေရာမှပြုတ်ထွက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းတံခါးနှင့် ကျောက်စာရုံများအားလှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြုတ်ထွက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းတံခါးကြီးအား    မူလနေရာ၌ ရှေးမူမပျက် ပြန်လည်တပ်ဆင်သွားရန်နှင့်   ကျောက်စာရုံများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက်   လိုအပ်သည်များ  လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီကုသိုလ်တော်မြတ်စွာဘုရားအား ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။