နေပြည်တော်၊ မတ် – ၃၁
မြန်မာနိုင်ငံတွင်၊ မတ်လ ၂၈ ရက်တွင် ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပတ်သက်၍ အကူအညီ များပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ပါကစ္စတန်နိုင်ငံဝန်ကြီး ချုပ် H.E. Mr. Mian Muhammad Shahbaz Sharif နှင့်ဖုန်းဖြင့်ဆက်သွယ်ပြောကြား သည်။
ထိုသို့ပြောကြားရာတွင် ဦးစွာ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က အဆွေတော်တို့ နိုင်ငံတွင် ပြင်းထန်သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခံစားခဲ့ရမှုများနှင့် ပတ်သက် ပြီးမိမိတို့အနေဖြင့် များစွာဝမ်းနည်းမိပါကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ ထပ်တူ ခံစားမိပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအနေဖြင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း၊ မကြာမီအချိန်အတွင်း ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်ပြည်သူများက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ် ခရီးစဉ် ၂ ခုဖြင့်ပေးပို့သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကိုလည်း ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ပါကစ္စတန်အစိုးရ အနေဖြင့် အဆွေတော်တို့နိုင်ငံအတွက် ထပ်မံလိုအပ်သည့် အကူအညီများရှိပါက ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အဆွေတော်တို့နိုင်ငံအနေဖြင့် ယခု ကြုံတွေ့နေရသော ခက်ခဲသည့်ကာလကို အမြန်ဆုံးကျော်လွှားနိုင်ပါစေရန် ဆုမွန် တောင်းပါကြောင်း၊ နှစ်နိုင်ငံသည် အတူတကွပူးပေါင်း၍ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုထူထောင်ထားသည့် နိုင်ငံများဖြစ်ကြပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုများကို ထပ်မံမြှင့်တင်လိုပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံမှ ဆက်သွယ်၍အားပေးစကားပြောကြားပေးခြင်း နှင့် အကူအညီများပေးအပ်သွားမည့်အပေါ်တွင်လည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဆက်လက်၍လည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အခွင့်အလမ်းများ အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆွေတော်၏ ယခုကဲ့သို့တယ်လီဖုန်းဆက်သွယ်ပြောဆိုမှု၊ ပါကစ္စတန်ပြည်သူများ၏ဝမ်းနည်း ကြောင်းဖော်ပြမှုနှင့် ပါကစ္စတန်နိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုများ အတွက်လည်း ကျေးဇူးတင်ရှိသည်ကိုထပ်လောင်းပြောကြားလိုပါကြောင်း၊ မိမိတို့နှစ် နိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများဖြစ်ကြောင်း၊ အဆွေတော်တို့နိုင်ငံ၏ ယခုကဲ့သို့အဖိုးတန်လှသည့် ပြောဆိုဆက်သွယ်မှုနှင့် ကူညီမှုများအပေါ် မိမိအနေဖြင့် တန်ဖိုးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင်ငလျင်ဒဏ်ကြောင့် ယနေ့နေ့လယ်အထိ သေဆုံးသူ ၂၀၆၅ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်ခန့်ရှိကာ ပျောက်ဆုံးသူ ၂၇၀ ခန့်ရှိကြောင်း၊ ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ၂၈ ရက်နေ့သည် သောကြာနေ့ဖြစ်သဖြင့် အစ္စလာမ်ဘာသာအရ ဝတ်ပြုဆုတောင်းသည့်နေ့ဖြစ်သောကြောင့် အချို့ပျက်ဆီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကွန်ရက်များတွင်ဖော်ပြလျက်ရှိသည့် ပလီများတွင် ဝတ်ပြု ဆုတောင်းနေသည့် အစ္စလာမ်ဘာသာဝင် ၇၀၀ ခန့် သေဆုံးသည် ဆိုသည်မှာ မှန်ကန်မှုမရှိပါကြောင်း၊ ၅၀၀ ပတ်ဝန်းကျင်ခန့်ရှိပါကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်း များတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ဖော်ထုတ်ရရှိပြီးဖြစ်ပြီး ဆက်လက်၍လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့အဆွေတော်အနေဖြင့် သေဆုံးဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စဉ် ဆက်မပြတ်ဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် မိမိတို့၏ရင်ထဲအသည်းထဲမှ လှိုက်လှဲစွာအသိအမှတ်ပြုပါကြောင်း၊ ထိခိုက်ခံစားရသည့် ပြည်သူများအနေဖြင့်လည်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးအတွက် မိမိတို့ဘုရားရှင်ထံတွင် ဆုတောင်းပါ ကြောင်း၊ အဆွေတော်တို့အနေဖြင့် ခက်ခဲနေသည့်အခြေအနေမျိုးတွင် ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် မိမိအနေဖြင့်အသိအမှတ်ပြုသည်ကို ပြောကြားလိုပါ ကြောင်း၊ အဆွေတော်တို့အနေဖြင့် ထပ်မံလိုအပ်လာနိုင်သည့် အကူအညီများနှင့် ပတ်သက်၍လည်း မိမိတို့ထံအချိန်မရွေးဆက်သွယ်ပြောကြားနိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံမှ ပေးပို့ထားသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် အသင့်စား အစာအစာများ အဆွေတော်တို့နိုင်ငံသို့ ၂၄ နာရီအတွင်းရောက်ရှိအောင် မိမိတို့ အနေဖြင့် စီစဉ်ဆောင်ရွက်ထားပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆွေတော်နှင့် ပါကစ္စတန်ပြည်သူများအနေဖြင့် စာနာထောက်ထားမှုများ ပေးပို့ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် အထောက်အကူပြုပစ္စည်းများပေးပို့သည့်အတွက် ကျေးဇူးတင်ရှိသည်ကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆက်သွယ်အားပေးစကား ပြောကြားမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖြင့်ပြောကြားခဲ့သည်။