စစ်လက်နက်နှင့်စစ်အသုံးအဆောင်ပစ္စည်းဆိုသည်မှာစစ်မြေပြင်တွင်မှတ်ကျောက်တင်ခံရမည် ဖြစ်သည့်အတွက် အရည်အသွေးပိုကောင်းသည်ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မား သည်ထက် မြင့်မားအောင် နယ်ပယ်စုံမှကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဧပြီ ၂၆
(၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့မှ အငြိမ်းစားတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များတက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့က (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ခန်းမအတွင်း၌ (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အထိမ်း အမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စစ်လက်နက် ပစ္စည်းများထုတ်လုပ်မှုနှင့် ပတ်သက်သည့် အတိတ်သမိုင်းကို ပြန်သုံးသပ်ကြည့်မည် ဆိုပါက ကုန်းဘောင်ခေတ်နှောင်းပိုင်း ဖြစ်သည့် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏လက်နက်အားကိုးဖြင့် ကျူးကျော်လာမည့်အခြေအနေကို ရင်ဆိုင်ရန် အတွက် အိမ်ရှေ့စံကနောင်မင်းသားကြီးက စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ စတင်တည်ထောင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်ကြောင်း။
ထို့ကြောင့် ဒင်္ဂါးစက်ရုံ၊ ရက်ကန်းစက်ရုံ၊ ဆန်ကြိတ်စက်ရုံ၊ မဲနယ်စက်ရုံများနှင့် သံဖိုရုံများအပြင် လက်နက်ငယ်များ၊ အမြောက်ကြီးငယ်များနှင့် ဗုံးဆန်အမြောက်ဆန်များ သွန်းလုပ်နိုင်သည့်စက်ရုံများ တည်ထောင်နိုင်ခဲ့ပြီး ရေမြှုပ်ဗုံးစမ်းသပ်ဖောက်ခွဲမှုများကိုပင် ဆောင်ရွက်နိုင်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်တွင်းရောင်စုံသူပုန်များ၏ သောင်းကျန်းပုန်ကန်မှု နှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ရရှိပြီးစ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်သည် ပြည်သူလူထုနှင့်လက်တွဲပြီး ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ရသည့် သမိုင်းကြောင်းသည် အထင်အရှားရှိခဲ့ကြောင်း၊
အဆိုပါ ကာလတွင် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ကိုယ့်ပြည်တွင်းမှာပင် လက်နက်/ ခဲယမ်းများ ထုတ်လုပ်နိုင်ရန် ကြံစည်ကြိုးပမ်းခဲ့ကြကြောင်း၊ ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွဲ့စည်းပုံနှင့်စနစ်တကျဖွဲ့စည်းပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ယနေ့သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ တည်ထောင်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ပင်ဖြစ်ကြောင်း။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် “Power To The Forces” “တပ်မတော်အတွက် စွမ်းအားဖြစ်စေရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စစ်လက်နက်ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့် ဝစွာတပ်မတော်သို့ ထုတ်လုပ်ပေးသွင်းနိုင်ခဲ့သည့် အတွက် ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် တပ်ဖွဲ့အကြီးအကဲများ၊ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ စစ်လက်နက်နှင့်စစ်အသုံးဆောင် ပစ္စည်းဆို သည်မှာ စစ်မြေပြင်တွင်မှတ်ကျောက်တင်ခံရမည်ဖြစ်သည့်အတွက် အရည်သွေးပိုကောင်းသည် ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
ထို့အပြင် ထူးခြားထင်ရှားသည့် စွမ်းဆောင်ချက်တစ်ရပ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ထုဆစ်ပူဇော်ပြီးမြောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် “ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင်လည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် အဓိကအခန်းကဏ္ဍမှနေ၍ ထူးခြားစွာပါဝင် ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။
နိုင်ငံတော်မှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ပညာရပ်အလိုက် နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးပြုခဲ့ ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူး ဆောင်တံဆိပ်များကို နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့် လျက်ရှိရာတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများထဲမှ နိုင်ငံတော်အဆင့်၊ တပ်မတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ လက်မှတ်ရရှိသူ စုစုပေါင်း ၅၁၃ ဦး ထိုက်တန်စွာရရှိခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး တပ်မတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် စဉ်ဆက်မပြတ်ပါဝင်ခဲ့ပြီး ဖြတ်သန်းလာခဲ့သည့် (၇၅)နှစ်တာကာလအတွင်း ကောင်းမွန်သောအစဉ်အလာများ၊ ဂုဏ်ဒြပ်များကို လက်ဆင့်ကမ်း တာဝန်ယူဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းပြည်နှင့်တပ်မတော်အပေါ် သစ္စာရှိစွာကျရာတာဝန်ကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်က တပ်ဖွဲ့သမိုင်း အကျဉ်းချုပ်ကိုရှင်းလင်း တင်ပြသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်က (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုချီးမြှင့်ငွေကို ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် အငြိမ်းစားကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသူ များနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။