ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်လပြည့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်  ဧပြီ   ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင်   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နေပြည်တော် လယ်ဝေး မြို့    ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု    ဘဒ္ဒန္တအာစိဏ္ဏတို့အမှူးပြုသော   ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့်   တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်     ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊   ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုပြည်တွင်းမှ    ကူညီကယ်ဆယ်ရေးအဖွဲ့များ၊နိုင်ငံတကာမှရောက်ရှိလာသည့်    ကူညီကယ်ဆယ်ရေးအဖွဲ့များ       အတူတကွပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်နေမှု  အခြေအနေများကို   တင်ဆက်ထားသည့် မှတ်တမ်းရုပ်သံဗီဒီယိုအား ကြည့်ရှုကြသည်။

ထို့နောက်   မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်    ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့်ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍တစ်လပြည့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို  “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မဟာသီဟနာဒ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေါက်မြိုင်ဆရာတော်ကြီးထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ယင်းနောက်     ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က   မဟာ သီဟနာဒဆရာတော်ကြီးထံလည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ လည်းကောင်း   လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပါဠိတက္ကသိုလ် ၊ မင်္ဂလာဇေယျုံ ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ   တရားတော်များနာကြား၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူးပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ယင်းနောက်   အခမ်းအနားကို   “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု”    သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

၎င်းနောက်  အခမ်းအနားအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့်   အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။